Monday, February 3, 2025

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ အရေးကြီးတဲ့အရာကဘာလဲ။ Food for Thought 825 ဒေါက်တာသိန်းလွင်

 May be an image of 2 people and baby

ဒီနေ့ “ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ အရေးကြီးတဲ့အရာကဘာလဲ” ဆိုတာကို Food for Thought 825 အဖြစ်မျှဝေလိုက်ပါတယ်။

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ အရေးကြီးတဲ့အရာကဘာလဲ။

မြန်မာတွင် သားသမီးမကောင်းမိဘခေါင်း၊ တပည့်မကောင်းဆရာခေါင်း ဆိုတဲ့ဆိုရိုးစကားရှိပါတယ်။ မိဘ များ မှာသားသမီးများနှင့်အနီးကပ်အချိန်အများဆုံးနေသူတွေဖြစ်ပြီး ဆရာများမှာလည်းကျောင်းသူကျောင်းသားများ နှင့်အချိန်များစွာအနီးသုံးနေရသူများဖြစ်ကြပါတယ်။ ငယ်ရွယ်သူများဆိုတာ အတွေ့အကြုံနည်းသေးတဲ့အတွက် အစစအရာရာမှာ မိမိတို့အနီးအနားမှာမြင်တာကြားတာတွေကို အတုယူတတ်ကြပါတယ်။ ဒါကြောင့်အတုမြင် အတတ်သင်ဆိုတဲ့စကားဖြစ်လာတာပါ။

ဖေါ်ပြပါစကားလေးက သေချာစဉ်းစားကြည့်ရင် သွေး ထွက်အောင်မှန်ပါတယ်။ သားသမီးမကောင်းတဲ့အခါ ဘာလို့မိဘရဲ့ခေါင်းပေါ်ကို အပြစ်ပုံကျလာသလဲ၊ သား သမီးဆိုတာ မိဘရဲ့ထိန်းကျောင်းပြုပြင်မှုနဲ့အရွယ်ရောက် ကြီးပြင်းလာရတာမဟုတ်ပါလား။ အဲဒီ့တော့ သား သမီးတစ်ယောက် လိမ္မာခြင်း၊ ဆိုးခြင်း၊ ယဉ်ကျေးခြင်း၊ ရိုင်းစိုင်းခြင်းဆိုတဲ့အကျင့်တွေဟာ မိဘက ပြုပြင် ထိန်းကျောင်းမှုပေါ်မူတည်နေတဲ့အတွက်ကြောင့်ပါ။ အဲဒါ ကြောင့် သားသမီးမလိမ္မာတဲ့အခါ မိဘအထိန်း ကျောင်းမတတ်လို့ဆိုပြီး မိဘအပေါ်သာ အပြစ်သက်ရောက် တာပါ။

အဲဒါကြောင့် ကလေးတစ်ယောက်လူ့လောကထဲကိုရောက်လာလာခြင်းမှာပဲ ကလေးက ကောင်းခြင်း၊ ဆိုးခြင်း၊ မိုက်ရိုင်းခြင်း၊ ဆဲဆိုခြင်း၊ လိမ္မာခြင်း စတာတွေကို တစ်ခုမှ သိသေးတာမဟုတ်ပါဘူး။ လူသားအဖြစ်မွေးဖွားလာ တာသာရှိတာပါ။ မွေးဖွားပေးလိုက်တဲ့မိဘနှစ်ပါးကနေမှ ပူတာက ဘယ်အရာ၊ ခါးတာက ဘယ်အရာ၊ စားလို့ ရတာက ဘယ်အရာ၊ စသည်ကနေမှ လမ်းလျှောက်တတ်ဖို့၊ ပညာသင်ယူဖို့၊ တဆင့်ခြင်း သင်ပေးလို့ လူတစ် ယောက်ကျင့်ဝတ်တွေကို သိရှိလာပြီး လူသားတစ်ယောက်အဖြစ် အပြည့် အဝဖြစ်လာ၊ အသိဉာဏ်ပြည့် ဝလာ ရတာပါ။

အဲဒီ့အခါမှာ စဉ်းစားကြည့်လိုက်ရင် သားသမီးကို လိမ္မာအောင် ဘယ်လိုထိန်းကျောင်းရကောင်းမှန်းမသိတဲ့မိဘ ကြောင့် သူခိုးကြမ်းပိုးလိုဖြစ်၊ လူဆိုးလူမိုက်ဖြစ်သွားနိုင်ပြီး သားသမီးဘဝတစ်ခုလုံး ပျက်သွားနိုင်ပါတယ်။။ အ ဓိကကတော့ သားသမီးကို ထိန်းကျောင်းတဲ့မိဘက အရေးကြီးတာပါ။ (အခုလိုပြောတာက မိဘကို အနန္တဂိုဏ်း ဝင် ကျေးဇူးရှင်မဟုတ်ဘူးလို့ ကျေးဇူးကန်းစကားမျိုးဆိုလိုချင်တာမဟုတ်ပါဘူးနော်) သားသမီးကို ထိန်းကျောင်း ခြင်းဟာ ပညာအများကြီးပါတယ်ဆိုတာကို ပြောပြပေးချင်တာပါ။

မိခင်ဖြစ်သူရဲ့ ဝမ်းမှာ သန္ဓေစတည်ပြီဆိုကတည်းက မိခင်ဖြစ်သူက အနေအစားစတင်ဆင်ခြင်ရပါတော့တယ်။ ကျန်းမာရေးကို ပိုပြီဂရုစိုက်ရပါတော့တယ်။ အဘက်ဘက်က အကောင်းဆုံးပြင်ဆင်ပြီး လူ့လောကထဲကို သား သမီးကို ခေါ်ရုံနဲ့တင် မိဘတာဝန်မပြီးသေးပါဘူး။ မွေးစကနေ အသက် ၂၀ ၀န်းကျင်အထိ ကျွေးမွေးစောင့် ရှောက် ရပြန်ပါတယ်။ ထိုအတောအတွင်းမှာ သားသမီးကို လူကောင်းသူကောင်းတစ်ယောက်ဖြစ်လာအောင်၊ လူလိမ္မာ လေးဖြစ်လာအောင် ထိန်းကျောင်းဖို့လိုပြန်တယ်။

ကလေးတစ်ယောက်ကို မိဘတိုင်းက လိမ္မာစေချင်ကြမှပါပဲ။ သားသမီးလိမ္မာတဲ့အခါ မပျော်တဲ့မိဘရှိပါ့မလား။ အဲဒါဆိုရင် သားသမီးကို လိမ္မာအောင် ထိန်းကျောင်းဖို့ အဓိကကျတဲ့အချက်က ဘာဖြစ်မလဲတွေးရပါတော့မယ်။ အဲဒီ့နေရာမှာ အဓိကကျတဲ့အချက်က အရမ်းလွယ်လွန်းလို့ လူတိုင်းသတိမပြုမိကြပါဘူး။ အဖြေကတော့ သား သမီးလိမ္မာဖို့ မိဘက အဓိကပါပဲဆိုတာပါ။ အပြုအမူယဉ်ကျေးတဲ့သားသမီးဖြစ်ချင်လား ၊ မိဘက အခရာပါပဲ (သားသမီးက မိဘနဲ့ ၁၆နှစ် လုံးအတူနေရမှာမို့ မိဘရဲ့အမူအကျင့်ကို သားသမီးက သင်ယူမှာပါ၊ အနှစ် ၁၆နှစ် ဒါမှမဟုတ် ၂၀နှစ်ထိ မြင်နေကျ ၊ တွေ့နေကျ အပြုအမူတွေက ဘယ်သူတွေဆီကဖြစ်မယ်ထင်ပါသလဲ။ မိဘ ဆီကပါပဲ။ မိဘအသိုင်းအဝန်းဆီက အရင်ဆုံး သင်ယူမှာပါ။) အထူးသဖြင့် ကလေးရဲ့အသက် ၅နှစ်မတိုင်မီ အချိန်မှာ ကလေးက မိဘနဲ့လက်ပွန်းတတီးနေထိုင်ရမှာမို့ မိဘဆီက သင်ယူမှာပါ (မိဘနဲ့ခွဲနေရပါတယ်ဆိုတဲ့ သားသမီးတွေကိုလည်း မိဘနဲ့တန်းတူ ဖေးမစောင့်ရှောက်ပေးမယ့် အုပ်ထိန်းသူရဲ့အမူအကျင့်က အရေးကြီး ပါတယ်။)

သားသမီးကို စားဝတ်နေရေးကြောင့် သူများပစ္စည်းခိုးခိုင်းတဲ့မိဘကို သားသမီးလုပ်သူက နာကျည်းပြီး နားရွက် ပြတ်အောင် ကိုက်လိုက်တဲ့ပုံပြင်ကိုဖတ်ဖူးကြမယ်ထင်ပါတယ်။ စားဝတ်နေရေးကြောင့် အဖေလုပ်သူက လူကြီးဖြစ်သူခိုးတဲ့အခါ ဥပဒေနဲ့ငြိစွန်းနိုင်တဲ့အတွက် ကလေးကိုသာခိုးခိုင်းရင်တော့ “ကလေးက မသိလို့လုပ် မိတာပဲ….စားဝတ်နေရေးကြောင့်လုပ်မိလုပ်ရာလုပ်မိတာပဲ …..” ဆိုတဲ့အတွေးမျိုးနဲ့ ကလေးကိုတော့ အရေးမယူ နိုင်ဘူးလို့ လွယ်လွယ်တွေးပြီး ကလေးကို အခြားသူများရဲ့နေအိမ်ကို အလစ်မှာ ဝင်ပြီးခိုးခိုင်းတဲ့မိဘကြောင့် ဖြူစင်တဲ့ကလေးက သူခိုးဖြစ်ခဲ့ရတာမျိုးပါ။ နောက်ဆုံးမှာတော့ ခိုးတဲ့အိမ်ကလူမိပြီး အဖမ်းခံရတဲ့အခါ အဖေ ဖြစ်သူကို နာကျည်းချက်နဲ့ နားရွက်ပြတ်တဲ့အထိ ကိုက်ဖြတ်တဲ့သားသမီးဖြစ်လာရပါတော့တယ်။

ဒီနေ့ခေတ်မှာဆိုရင်လည်း သားသမီးဖြစ်သူ အသက် ၂နှစ်၊ ၃နှစ်ကြားမှာ ပြသတဲ့ အော်တစ်ဇင်ရောဂါ(Autism) ရောဂါလက္ခဏာကို လုံးဝသတိမပြုမိဘဲ ၊ တစ်ချို့မိဘများကြတော့လည်း အခြားသူများကဲ့ရဲ့မယ်ဆိုတဲ့စိတ်အခံနဲ့ ကလေးကို စောစီးစွာ ဆေးကုသမှုမခံယူဘဲ အိမ်ထဲအတင်းပိတ်ထားပြီး အော်တစ်ဇင်ဖြစ်နေတဲ့သားသမီးမျိုး ကိုယ် တိုင်မြင်ဖူးခဲ့ပါတယ်။

အဲဒါကြောင့် ကလေးကို ပြုစုပျိုးထောင်ဖို့ အရေးအကြီးဆုံးက မိဘတွေပါပဲ။အထက်ပါဖြစ်ရပ်တွေဟာဆိုရင် အသိဉာဏ်ရှိလှပါတယ်ဆိုတဲ့ လူကြီးတွေက ဘာမှမသိတဲ့ကလေးတွေကို အရောင်ဆိုးလို့ဖြစ်လာရတဲ့ ပြဿ နာတွေပါပဲ။ အဲဒါကြောင့် ကလေးကိုဆိုးအောင်လုပ်တာသည်လည်း မိဘများပဲ၊ ကလေးကို လူကောင်းလူလိမ္မာ လေးဖြစ်အောင် သွန်သင်နိုင်တာသည်လည်း မိဘများပါပဲ။

သားသမီးဆိုတာ မိဘရဲ့ပုံရိပ်တွေဆိုတာကို မမေ့ပါနဲ့။ မိဘကောင်းမှ သားသမီးကောင်းမှာပါ။ မိဘက ကလေးကို သွန်သင်ဆုံးမတတ်လေလေ ၊ ကလေးရဲ့ နားလည်နိုင်စွမ်းနဲ့ လူမှုဆက်ဆံရေး၊ ယဉ်ကျေးလိမ္မာမှု၊ တတ်သိမှုတွေ က တိုးတက်လာတာပါ။ ¬¬အဲဒါကြောင့် ကလေးကို ဆိုးတယ်မပြောပါနဲ့၊ ဆိုးရတဲ့အကြောင်းရင်းကိုသာရှာကြည့် ပါ။ ကလေးကို မလုပ်စေချင်တဲ့အပြုအမူတွေကို မိဘကိုယ်တိုင်က လုပ်မိနေရင် ပြုပြင်လိုက်ပါ။ ကလေးဆိုတာ က ကိုယ့်ပုံရိပ်မို့ ကိုယ့်လိုလူပဲဖြစ်လာမှာပါ။ ကိုယ်က ကောင်းအောင်နေမှ ကလေးကလည်း ကောင်းမှာပါ။ အဲဒါ ကြောင့် မိဘတိုင်းကလေးတွေကို လိမ္မာစေချင်ရင် ကိုယ်တိုင်က ကလေးကို တန်ဖိုးထားပါ၊ လေးစားစွာဆက် ဆံ ပါ၊ ကိုယ်လုပ်တဲ့အမူအကျင့်တွေအားလုံးကောင်းပါစေ၊ ကလေးက ဆိုးလိုက်တာလို့ ညည်းနေမယ့်အစားကလေး ဘာလို့ဆိုးရသလဲဆိုတာ အဖြေရှာပါ။ သွန်သင်ဆုံးမသူ မိဘလူကြီးကောင်းမှ ကလေးကလည်း ကောင်းတဲ့လူ သားတစ်ယောက်ဖြစ်လာမှာပါ။ အဲဒါမှသာ ကလေးက သင့်လိုလူဖြစ်လာမှာပါပဲလို့ တိုက်တွန်းလိုက်ရပါတယ်။

မိဘများလည်း ကလေးကို အကောင်းဆုံးပြုစုထိန်းကျောင်းနိုင်ဖို့ ကလေးအရွယ်အလိုက်ပြုစုပျိုးထောင်ခြင်း ဆိုင်ရာဆောင်းပါးတွေ၊ စာအုပ်တွေနဲ့ ကလေးရဲ့ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတိုးတက်ဖွံ့ဖြိုးမှုစာအုပ်တွေကို ရှာဖွေလေ့လာဖတ်ရှုသင့်ပါတယ်လို့ နှိုးဆော်လိုက်ရပါတယ်။

မိတ်ဆွေများ သားသမီးများအတွက်နမူနာကောင်းများပြသပြီး လူကောင်းလူတော်လေးတွေဖြစ်လာအောင်လေ့ ကျင့်ပေး နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...