ဒီနေ့ ကလေးတွေကို ရိုက်ပြီးဆုံးမသင့်လား မဆုံးမသင့်ဘူးလားဆိုတာကို Food for Thought 827 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။
ကလေးတွေကို ရိုက်ပြီးဆုံးမသင့်လား မဆုံးမသင့်ဘူးလား။
ကျွန်တော်တို့
မိဘများ သားသမီးကို ဆုံးမပုံက ဘယ်သူကစတင်လိုက်လဲတော့မသိပါဘူး။
ပြောစကားနားမ ထောင်ရင် နာနာသာ ရိုက်….ဆိုပြီး ပြောတတ်ကြပါတယ်။
ကျောင်းအပ်တာက အစ ဘယ်ဆရာက ရိုက်သလဲ၊ လက်သံပြောင်သလဲ၊ ထိုကဲ့သို့
လက်သံပြောင်မှ ရိုက်မှ ကြောက်ပြီး ကလေးက ပြုပြင်မယ်၊ လိမ္မာမယ်
ဆိုတဲ့အတွေးအခေါ်မျိုးရှိတတ်ကြတာပါပဲ။ ကျွန်တော်တို့လည်း ငယ်စဉ်က
အရိုက်ခံခဲ့ရတာပါပဲ။ ဒါပေမယ့် အရိုက်ခံရလို့များ ထိုကိစ္စကို
မလုပ်ဘဲနေမိလား…..ဆိုတော့ မနေပါဘူး။ ရိုက်တာကိုတော့ ကြောက်ပါတယ်၊ ဒါပေမယ့်
လုပ်ချင်တာလည်း လုပ်လိုက်ရမှ ကျေနပ်မိတာပါပဲ။ ကလေးရဲ့သဘာဝက ကိုက
စူးစမ်းချင်တာပါ။ လူ့လောကထဲကို ရောက်လာတာကလည်း လူကြီးထက်ကို
နောက်ကျတယ်မဟုတ်လား။ အဲဒီ့တော့ သူ့ပတ်ဝန်းကျင်မှာ သူသိချင်တာတွေ၊
သူစူးစမ်းချင်တာတွေ အများကြီးမှ အများကြီးဖြစ်နေတာပါ။
ကျွန်တော်တို့ငယ်ငယ်က
အရိုက်ခံရတဲ့အခါ အမှန်အတိုင်းပြောရရင် ရိုက်တဲ့သူကို
အရမ်းကိုမုန်းတီးမိပါတယ်။ အဲဒါအပြင် “သူငါ့ကိုရိုက်တယ်ဆိုတာ ငါက
ပြန်မပြောနိုင်သေးတဲ့အရွယ်မို့၊ ငါသာအရွယ်ရောက်ရင် သူလည်း
ငါ့ကိုရိုက်ရဲမှာမဟုတ်တော့ဘူး။ ငါလဲ ခံမှာမဟုတ်တော့ဘူး” ထိုကဲ့သို့
ရိုင်းစိုင်းတဲ့အတွေးမျိုး ဝင်မိတတ်ပါတယ်။ အလားလူအတွေးမျိုး
ဝင်သွားနိုင်ပါတယ်။ ကလေးအရွယ် ငယ်ငယ်ရဲ့စိတ်ထဲမှာ ရိုက်တဲ့သူကို
ချစ်လို့ရိုက်တယ်လို့ မထင်မိဘဲ အနိုင်ကျင့်ပြီး ငယ်သေးလို့ရိုက်တာလို့ပဲ
မြင်တာပါ။ ကလေးရဲ့အတွေးအခေါ်က ကျဉ်းမြောင်းတာကိုး။ ကိုယ်တွေတုန်းက
အဲလိုတွေးဖူးတော့ ကိုယ့်သားသမီးရလာတဲ့အခါကျတော့ ဘယ်လိုထိန်းကျောင်းမလဲ၊
ဘယ်လိုဆုံးမရင် ထိရောက်မလဲ၊ ဘယ်လိုပုံစံမျိုး လိမ္မာအောင်၊ ပြောပြသမျှ
နားလည်သဘောပေါက်အောင် ဘယ်လိုထိန်းကျောင်းရမလဲဆိုတာကို အရမ်းသိချင်ခဲ့ပါတယ်။
အဲဒီ့တော့ ဒီလိုမရိုက်ဘဲ ထိန်းကျောင်းဖို့က အရမ်းခက်တာကို
လက်တွေ့လည်းကြုံလာတော့ ပိုသိလာမိပါတယ်။ အဲဒီ့အချိန်မတိုင်မီ
စာတွေလည်းကြိုဖတ် ထားရပါတယ်။ လက်တွေ့ကြုံလာတော့လည်း
အဲဒီ့စာအုပ်ထဲကနည်းလမ်းတွေအတိုင်း ကလေးရဲ့စိတ်ကိုလိုက်
ဖတ်ကြည့်ရပါတယ်။အဲဒီ့အတိုင်းကျင့်သုံးရပါတယ်။
ကလေးကိုရိုက်နှက်ဆုံးမခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးများ
ကလေးကို
မရိုက်ဘဲထိန်းကျောင်းလို့ရမလားဆိုပြန်တော့ ကလေးကို
ထိန်းကျောင်းဖူးတဲ့မိဘတွေအသိဆုံးပါပဲ။ ကလေးကို မရိုက်ဘဲထိန်းလို့
သိပ်အဆင်မပြေပြန်ပါဘူး။ ဟုတ်ပါပြီ အဲဒီ့တော့ ရိုက်ပြီးဆုံးမရမှာပဲဆိုပြီး
ရိုက်ပြီးဆုံးမပြန်တော့ ကလေးရဲ့စိတ်ပိုင်းဆိုင်ရာအရ၊ ရုပ်ပိုင်းဆိုင်ရာအရ
ဆိုးကျိုးတွေအများကြီးရှိလာပါတယ်။ အဓိကကတော့ ရိုက်ပြီးဆုံးမလိုက်တဲ့အခါ
ကလေးရဲ့အသားနာတဲ့အပြင် ကလေးရဲ့စိတ်ပါဒဏ်ရာဖြစ်စေပါတယ်။ မိဘတွေမှာ ကလေးက
ဒီအပြုအမူမျိုး ဒါမှမဟုတ် မှားနေတဲ့အရာတစ်ခုကို ရိုက်လိုက်ရင် ထပ်မလုပ်
တော့ဘူးဆိုတဲ့ mindset ပါ။ ထိုအတွေးက မှားပါတယ်။ သင်တို့တောင် ငယ်ငယ်က
ရိုက်လိုက်ရင် ရိုက်တုန်းခဏပဲ မလုပ်တာမဟုတ်လား ၊
ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါနော်။ အဲဒီ့တော့ ကလေးလဲ အဲလိုပါပဲ။
ရိုက်လိုက်တာကို ကြောက်ပြီး နောင်ဘယ်တော့မှ မလုပ်တော့တာမဟုတ်ပါဘူး။
ရိုက်တာကို ကြောက်တာပါ၊ ရိုက်တာကို ကြောက်လို့ ရိုက်နေတုန်း၊
အရိုက်ခံရတုန်းပဲ ရပ်လိုက်တာပါ။ သင်မသိတဲ့အချိန် ပြန်လုပ်အုံးမှာပါပဲ။
အဲဒါကြောင့် ရိုက်တာက အကျိုးမရှိပါဘူး။ ကလေးအသားနာမယ်၊ ကလေးစိတ်ထဲမှာ
အနိုင်ကျင့်နေသလိုခံစားရမယ်၊ စိတ်နာမယ်၊ မိဘကို အရွယ်ရောက်ရင်
ကလန်ကဆန်လုပ်ချင်စိတ်ဖြစ်လာပါလိမ့်မယ်။ အဲဒါက ဆိုးကျိုးတွေပါ။
အဲလိုဖြစ်လာတဲ့ကလေးတစ်ယောက် အရွယ်ရောက်လာတဲ့အခါ ငယ်ငယ်ကခံထားရသမျှကို
ပြန်ပြီး တုံ့ပြန် ဖို့တွန်းအားပေးသလိုဖြစ်တဲ့အတွက် ထိုကလေးမျိုးက
အရွယ်ရောက်လာရင် ပိုပြီးထိန်းကျောင်းရခက် သွားပါ
လိမ့်မယ်။အဲဒီ့တော့ကလေးကိုရိုက်ပြီးမဆုံးမသင့်ပါဘူး။
မရိုက်ဘဲဆုံးမချင်တယ်ဆိုရင်အရင်ဆုံးသိထားသင့်တဲ့အချက်
အဲဒါဆို
တစ်ချို့မိဘတွေက အတွန့်တက်နိုင်ပါတယ်။ ကလေးကို မရိုက်ပြန်တော့
ထိန်းမရပြန်ဘူးဆိုတာမျိုးပေါ့။ တစ်ခုသတိထားရမှာက ကလေးက မိခင်ဝမ်းက
ကျွတ်ကတည်းက အသိဉာဏ်အနည်းအကျဉ်းပါလာပြီ ဆိုတာ ပါပဲ။ အဲဒီ့ကတည်းက ကလေးကို
ကိုယ်လိုချင်တဲ့ပုံစံ၊ ကိုယ်ထိန်းကျောင်းချင်တဲ့ပုံစံ ဖြစ်လာအောင် ထိန်း
ကျောင်းပြုပြင်၊ ပြုစုစောင့်ရှောက်ရမှာပါ။ အသက် ၁၆ နှစ်လောက်မှ မနိုင်လို့
ထိန်းကျောင်းပုံစံပြောပါဆို ပြောတဲ့အတိုင်းလုပ်ရင်တောင် ပုံစံသွင်းဖို့၊
ပုံစံပြောင်းဖို့၊ ကိုယ်လိုချင်တဲ့ပုံစံ သွန်သင်နိုင်ဖို့ မလွယ်တော့ပါဘူး။
အဲဒါကြောင့် သတိထားရမှာက ကလေးအသက် ၆လ ၊ တစ်နှစ်လောက်ကတည်း ကလေးကို
ပြုပြင်ပါ။ (ထိုအရွယ်က ထိန်းကျောင်းတာတောင်မှ ပုံစံသွင်းတာတောင်မှ
ဆယ်ကျော်သက်အရွယ်ရောက်ရင် အပေါင်း အသင်းရဲ့ပုံစံအတိုင်း
ပြောင်းလဲသွားနိုင်ပါသေးတယ်) အဲဒါကြောင့် ကလေးကို လိမ္မာစေချင်ရင် ၊
သွန်သင်ဆုံးမလွယ်ချင်ရင် ငယ်စဉ်ကတည်းက ကျင့်သုံးပါ။ နောက်ထပ်
ဆိုးဝါးတဲ့အချက်ကတော့ ကလေးကို တော့ ဆုံးမတယ်၊ မလုပ်ရဘူးလို့ တားမြစ်တယ်၊
လူကြီးတွေကိုယ်တိုင်ကတော့ မလိုက်နာတာပါပဲ။ အဲဒါက အရမ်းကိုဆိုးဝါးပါတယ်။
အဲလိုအပြုအမူနဲ့ထိန်းကျောင်းတဲ့လူကြီးက ကလေးငယ်တုန်းပဲ
တုတ်နဲ့ပုံစံသွင်းနိုင်တာ ပါ။ အရွယ်ရောက်တာနဲ့
လုံးဝမထိန်းကျောင်းနိုင်တော့ပါဘူး။ တစ်ချို့လူကြီးတွေသဘောမပေါက်တာက ကလေး
တွေ့ရဲ့အပြုအမူကို ကောင်းစေချင်ရင် ကိုယ်တိုင်က ကောင်းအောင်နေရပါတယ်။
ကိုယ်ရဲ့အပြုအမူကို ကလေး တွေက အတုယူပါတယ်။ ကိုယ့်ရဲ့ပုံစံအတိုင်း ကလေးကလည်း
ဖြစ်လာတာမျိုးပါ။ အဲဒါကြောင့် ကလေးကို မတားခင် ကိုယ်က
ကိုယ့်ကိုကိုယ်ပြန်မေးပါ။ ကလေးကိုတားပြီး ငါကတော့ သူ့ရှေ့မှာ လုပ်ပြနေမိ
သလား။ အဲဒါဆို ချက်ချင်းပြုပြင်လိုက်ပါ။ ကလေးကို မလုပ်စေချင်တဲ့အရာမှန်သမျှ
ကလေးကိုဆုံးမမယ့်သူက လုံးဝ မလုပ်ပါနဲ့။ အဲဒါမှ ကလေးကို ဆုံးမလို့ရမှာပါ။
ကလေးရဲ့နောက်ကွယ်မှာလည်း မလုပ်ပါနဲ့၊ တကယ်လို့များ ကလေးရဲ့နောက်ကွယ်မှာ
သင်တိတ်တိတ်လေးခိုးလုပ်တာကို ကလေးမြင်သွားရင် အဲဒီလိုပဲ ကလေးကလည်း
သင့်နောက်ကွယ်မှာလုပ်ချင်တာတွေ ခိုးလုပ်တတ်တဲ့ကလေးဖြစ်လာမှာကို မမေ့ပါနဲ့။
အဲဒါက ကလေး ကို မရိုက်ဘဲဆုံးမချင်ရင် လူကြီးတွေ
အရင်ဆုံးကျင့်သုံးရမယ့်အချက်ပါ။ ဒီအချက်ကို ကျင့်သုံးနိုင်ပြီဆိုရင်
ကလေးကို မရိုက်ဘဲဆုံးမလို့ရပါပြီ။
ကလေးကိုမရိုက်ဘဲဘယ်လိုဆုံးမမလဲ။
ကလေးဆိုတာကလောကကြီးကိုမနေ့တနေ့ကမှရောက်လာလို့မသိသေးတာတွေအများကြီးပါ။
အထက်ကပြော ခဲ့သလိုပါပဲ၊ မသိသေးတာတွေ များလို့
သိချင်စိတ်နဲ့လိုက်လုပ်ဖြစ်တာများပါတယ်။ အဲဒီ့တော့ ကလေးက တစ်ခုခုကို
စူးစမ်းမယ်ဆိုရင် ကလေးကို အနားကို ညင်သာစွာခေါ်ပါ။ ဥပမာ။ ကလေးက မီးကို
ဆော့ဖို့ ကြိုးစားမယ်ဆိုပါတော့။ ချိုသာစွာနဲ့ကလေးကို အနားကိုခေါ်လိုက်ပါ။
မီးဆိုတာ ပူတဲ့အကြောင်း၊ ပူတဲ့အခါ သားအသားနာမယ့်အကြောင်း၊ အဲဒါအပြင်
အဲဒီ့မီးက အခြားအရာတွေကို လောင်ရင် ဘယ်လိုဆက်ဖြစ် နိုင်ကြောင်း၊
လုံးဝမဆော့သင့်ကြောင်း။ ခုလိုရှင်းပြတာ သားထိခိုက်မှာ စိုးရိမ်လို့
ရှင်းပြတာဖြစ်ကြောင်း၊ သားနားမထောင်လို့ ကိုင်လဲ ဘယ်သူနာမယ်ထင်သလဲ
စသည်ဖြင့် မေးလိုက်ပါ။ သူစဉ်းစားပါစေ။ သူ့ကိုမေးပါ၊ ခုပြောတာကို
နားမထောင်ဘဲ ကိုင်ချင်ရင် ကိုင်လို့ရကြောင်း၊ မေမေနာမှာမဟုတ်ဘဲ
ဘယ်သူနာမယ်ထင် သလဲလို့မေးလိုက်ပါ။ သူနာမယ့်အကြောင်း သူသိသွားတဲ့အခါ
သင့်ရှေ့မှာလည်း သူမကိုင်တော့သလို၊
သင့်နောက်ကွယ်မှာလည်းသူမကိုင်ရဲတော့ပါဘူး။
အဓိကက
အကျိုးသင့်အကြောင်းသင့်ရှင်း ပြခြင်းပါ ။ ကလေးကို
အကျိုးသင့်အကြောင်းသင့်ရှင်းပြလိုက်တဲ့အခါ ကလေးက
နားလည်မယ့်စကားလုံးမျိုးနဲ့ ရွေးပြီးရှင်းပြပေးပါ။ ကလေးနားလည်တဲ့အခါ ကလေးက
လုပ်ပါ ဆိုတာတောင် မလုပ်တော့ပါဘူး။ တစ်ခုရှိတာက ကလေးကို မဆဲပါနဲ့လို့
စည်းကမ်းလုပ်ထားရင် သင်ကိုယ်တိုင် ကလေးရှေ့မှာ မဆဲမိဖို့ အရေးကြီးပါတယ်။
အန္တရာယ်ရှိတဲ့ကိစ္စမျိုးဆိုရင် ကြိုတင်အဆုံးထိ တခါတည်း ရှင်းပြထားပါ။
ဥပမာ။ ဝရံတာထွက်တာကို အန္တရာယ်ရှိလို့ တားမယ်ဆိုရင် ပြုတ်ကျသွားရင်
သေနိုင်ကြောင်း၊
မသေရင်လက်ကျိုးခြေကျိုးဆိုးဝါးစွာဖြစ်နိုင်ကြောင်းသေချာရှင်းပြထားပါ။
ကလေးကို
ဖြစ်လာမယ့်အကျိုးဆက်ကို သေချာနားဝင်အောင် ရှင်းပြပါ။ ကလေးကို
ရှင်းပြထားပြီးသား အကြောင်းအရာတစ်ခုကို နောက်တစ်ခါ ထပ်လုပ်ရင်
ခွင့်လွှတ်မှာမဟုတ်ဘဲ အပြစ်ပေးမယ့်အကြောင်း လေးနက်စွာပြောပြထားပါ။ တကယ်လည်း
နောက်တစ်ခေါက်လုပ်တာမျိုးတွေ့ရင် ကလေးကို အနားကိုခေါ်ပါ။
မျက်နှာထားတည်ငြိမ်စွာ လေသံအေးအေးနဲ့ မေးပါ။ ထပ်လုပ်တာ ဟုတ်မဟုတ်၊
ရှင်းပြထားတာ ဟုတ်မဟုတ်၊
ဘာကြောင့်ထပ်လုပ်ရသလဲ….ဆိုတဲ့အကြောင်းပြချက်ကိုမေးပါ။
ကလေးက
လူကြီးတားမြစ်ထားတာကို သူလုပ်ချင်လို့လုပ်တာမဟုတ်ဘဲ
အကြောင်းကြောင်းကြောင့်လုပ်တာ လား၊ ပတ်ဝန်းကျင်ကြောင့်လား၊
တစ်စုံတစ်ယောက်ကခိုင်းလို့လားဆိုတာမျိုး ကလေးက ရှင်းပြချင်တယ်ဆိုရင်
ရှင်းပြခွင့်ပေးပါ။ ဘာကြောင့်လုပ်ရလဲဆိုတဲ့ အကြောင်း
ကလေးရင်ထဲကပြောပြချင်တာကို တည်ငြိမ်စွာ နားထောင်ပေးပါ။ ဒေါသတကြီး
အော်ဟစ်ပြီး ရှင်းပြတာကို လက်မခံတာမျိုး လုံးဝမလုပ်မိပါစေနဲ့။ ကလေးက
အမှန်အတိုင်းရှင်းပြလို့ ဖြစ်နိုင်ချေရှိတာဆို ကလေးစကားပေမယ့် လက်ခံသင့်တာ
တလေးတစားလက်ခံပေးပါ။ ဒါပေမယ့်ဒီတစ်ခါသည်သတိပေးခြင်းဖြစ်ကြောင်းပြောပါ။
ဘာကြောင့်ပဲဖြစ်ဖြစ်
ကိုယ်ပြောထားတဲ့စကားအတိုင်း ၂ခါတိတိ ခွင့်လွှတ်ထားပြီးကြောင်း ၊
အဲဒါကြောင့် ဒီတစ်ခါ အပြစ်ပေးမယ့်အကြောင်း ပြောပြပါ။ တုတ်ကို
ကိုင်သင့်ရင်ကိုင်ပါ။ ရိုက်ဖို့ပြောတာထက် တုတ်ကို ပထမ သတိပေးခြင်းမှာ
မြင်ထားရင် ဒုတိယ တခါ လုပ်ဖို့တွန့်သွားပါလိမ့်မယ်။ (အဟန့်အနေနဲ့ပါ)
အမြဲတမ်းတော့ တုတ်ကိုင်ပြီး ဟန်တပြပြမလုပ်မိပါစေနဲ့အုံး။ အဲဒါဆို သင်က
တုတ်သာပြပြီး မရိုက်မှန်းသိရင် ပိုဆိုးလာနိုင်ပါတယ်။
တစ်ချို့
အပြစ်ပေးနည်းတွေနဲ့ ထိရောက်တဲ့ကလေးဆိုရင်လည်း တုတ်အစား
တခြားအပြစ်ပေးနည်းသုံး လို့ရ ပါတယ်။ ဥပမာ။ လကုန်ဝယ်ပေးမယ့် အရုပ်ကို
ကိုယ့်အပြစ်နဲ့ကိုယ် မဝယ်ပေးနိုင်တော့ကြောင်း၊ ဒါမှမဟုတ် ပုံဆွဲစာအုပ်နဲ့
ရောင်စုံခဲတံလုံး၀ မဝယ်ပေးတော့မယ့်အကြောင်း ကြိုတင် သတိ ပေးထားလိုက်ပါ။
ရှေ့တင်မှာ ကော ၊နောက်ကွယ်မှာကော မလုပ်ဖို့၊
မလုပ်ဘူးပြောပြီးနောက်ကွယ်မှာလုပ်ခြင်းသည် လူလိမ်ဖြစ်ကြောင်း
လူလိမ်ဖြစ်လာခြင်းရဲ့ ဆိုးကျိုးတွေကို နားလည်နိုင်တဲ့အရွယ်လောက်ကတည်းက
စသင်ထားသင့်ပါတယ်။ (လူလိမ်၊ လူညာ၊ လူဆိုး၊ လူမိုက် တွေဆိုတာ
ဘာဆိုတာဖြစ်ကြောင်း နားလည်တတ်တဲ့အရွယ်ကတည်းက
ပုံပြင်လေးတွေနဲ့သာဓကပြပြောပြထားသင့်ပါတယ်။)
ပြီးတော့
မိဘတော်တော်များများက မိဘစကားနားထောင်မှ….လူလိမ္မာလေး
ဆိုတာမျိုးပြောတတ်ပါတယ်။ နားမထောင်ရင် မချစ်တော့ဘူး….ဆိုတာမျိုးပြောခြင်းက
မှားပါတယ်။ အရွယ်ရောက်လာတဲ့အခါ ကလေးက သူကောင်းမယ်ထင်တာ သူလုပ်မှာပဲလေ။
သင့်စကားနားထောင်ပြီး လူလိမ္မာဖြစ်ဖြစ်မဖြစ်ဖြစ် ဂရုမစိုက်တတ်တော့ပါဘူး။
အဲဒါကြောင့် မိဘဆိုတာ သားသမီးကို အချစ်ဆုံးဖြစ်ကြောင်း ၊ အဲဒါကြောင့်
အခုအပြစ်ပေးခြင်းသည် သားသမီးအတွက် ထိခိုက်မယ့်ကိစ္စဖြစ်လာမှာမို့
အပြစ်ပေးပြီး တားမြစ်ရခြင်း ဖြစ်ကြောင်း ရှင်းပြပါ။ မိဘက သားသမီးကို
အချစ်ဆုံးမို့ သားသမီးအတွက်မကောင်းတာမှန်သမျှ တားမြစ်မှာ ဖြစ်ကြောင်း
အဲဒါကြောင့် ကောင်းစေချင်လို့ ဆုံးမခြင်းက နားထောင်သင့်၊
မနားထောင်သင့်မေးပါ။
ကလေးတစ်ယောက်နဲ့တစ်ယောက်
ပုံစံခြင်းမတူတတ်တာမို့ ကလေးအခြေအနေအလိုက် အဆင်ပြေသလို၊
သင်ယူသင့်တာသင်ယူပြီး စာတွေထပ်ဖတ်လေ့လာပြီး သွန်သင်နိုင်ပါတယ်။ကလေးမိဘတွေ
ကို ပြောချင်တာက ကလေးကို လူကောင်းသူကောင်းဖြစ်အောင် ပြုစုပျိုးထောင်ခြင်းက
ကလေးတစ်ဘဝလုံးအတွက် အဖိုး တန်ဆုံးလက်ဆောင်ဖြစ်သလို၊ လောကကြီးကို
လူကောင်းလူယဉ်ကျေးလေးတွေဖြစ်လာအောင် မွေးထုတ်ပေးခြင်းဖြစ်ကြောင်း၊
အနာဂတ်လောကကြီးအတွက်ကောင်းကျိုးဆောင်ကျဉ်းပေးခြင်း သာဖြစ် ကြောင်း ပါပဲ။
အဲလိုမျိုး လူကောင်းလူမွန်လေးတွေ မွေးထုတ်သွန်သင်ပေးနိုင်ခြင်းက
မိဘများလက်ထဲ တွင်သာရှိတာမို့အကောင်းဆုံးပြုစုပျိုးထောင်ဖို့လိုပါတယ်။
ကလေးဆိုတာက
ပုံစံအမျိုးမျိုးရှိနိုင်တာမို့ ကလေးကို ဆုံးမမယ့်သူက ကလေးရဲ့ ပုံစံကို
အရင်ဆုံး သိနားလည်ပြီး ရိုက်နှက်ဆုံးမနည်းမဟုတ်ဘဲ အဆင်ပြေမယ့် ဆုံးမပုံ၊
ဆုံးမနည်းကိုရွေးချယ်ရမှာဖြစ်ပါတယ်။
မိတ်ဆွေများ ကလေးများကိုရိုက်နှက်ဆုံးမခြင်းအစား သိမ်သိမ်မွေ့မွေ့ နားဝင်အောင် ပြောပြတဲ့နည်းဖြင့် ဆုံးမနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။
No comments:
Post a Comment