ဒီနေ့ စင်ကာပူနိုင်ငံမှာ ကလေးတွေစာဖတ်ချင်လာအောင်စီစဥ်ပေးပုံအကြောင်းကို Food for Thought 829 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။

ကလေးတွေစာဖတ်ချင်လာအောင်စီစဥ်ပေးပုံ
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မနက်စာစားရန် သားတို့ကလာခေါ်တဲ့အတွက် သားတို့နှင့်အတူတူမနက်စာထွက်စား ဖြစ်ကြပါတယ်။ မနက်စာကိုတော့ မြန်မာဆိုင်တစ်ဆိုင်မှာ တိုဟူးနွေးသွားစားခဲ့ကြပါတယ်။ မြန်မာအလွမ်းပြေ မြန်မာအစာသွားစားဖြစ်ကြပါတယ်။
စားပြီးတာနဲ့ ဗဟို ပေါ်ပျူလာစာအုပ်ဆိုင်ကိုအရင်ဝင်ကြည့်ပါတယ်။ ပြီးတော့ စင်ကာပူမှာရှိတဲ့ဗဟိုစာကြည့် တိုက် မှာ ဖွင့်ထားတဲ့ကလေးတွေစာဖတ်ချင်လာအောင်စီစဥ်ထားပေးတဲ့နေရာကိုသွားလေ့လာဖြစ်ပါတယ်။ အရင်စင်ကာပူရောက်စဥ်ကလည်း ဗဟိုစာကြည့်တိုက်ကို သားကလိုက်ပို့တဲ့အတွက် ရောက်ဘူးပါတယ်။ အဲဒီ အချိန်က ကလေးတွေစိတ်ကြိုက်ပုံတွေရေးဆွဲနိုင်အောင် နံရံနှင့် ကြမ်းပြင်မှာ စာရွက်ကြီးတွေနဲ့ဆေးတွေ ချ ပေးထားတာ ကိုတွေ့ခဲ့ရပါတယ်။ ကလေးတွေက သူတို့စိတ်ကြိုက် ပုံတွေရေးကြပါတယ်။
ဒီတစ်ခါသွားလေ့လာရာမှာတော့ ကလေးငယ်တွေစာဖတ်ချင်စိတ်ဖြစ်လာအောင် ကလေးငယ်လေးတွေနှင့် စာ အုပ်တွေရင်းနှီးအောင်လုပ်ပေးတဲ့အစီအစဥ်ကိုတွေ့ခဲ့ရပါတယ်။ အဲဒီလိုစီစဥ်ပေးထားတဲ့နေရာမှာ ကလေးတွေကို လူကြီးတွေက စာအုပ်တွေဖတ်ပြနေတာတွေတွေ့ခဲ့ရပါတယ်။ တစ်ချို့ကလေးတွေကတော့ သူတို့ကိုယ်တိုင်စာ အုပ်တွေကို စာအုပ်စင်မှသွားယူပြီးအရုပ်ကြည့်တာ၊ စာဖတ်တာကိုတွေ့ခဲ့ရပါတယ်။ ဖတ်စရာစာအုပ်တွေက အ ရုပ်တွေအများကြီးပါပြီး စာအုပ်တွေကို ကလေးတို့အရပ်နှင့် လက်လှမ်းမှီအောင်ထားပေးတဲ့အတွက် ကလေး တွေ အနေဖြင့် သူတို့ဖတ်ချင်တဲ့စာအုပ်ကို သူတို့ကိုယ်တိုင် ယူကြည့်နိုင်ကြပါတယ်။
စာမဖတ်တတ်သေးတဲ့ကလေးတွေစာအုပ်နှင့်ရင်းနှီးအောင် ရုပ်ပြစာအုပ်တွေအများကြီးထားပေးပါတယ်။ ပြီး တော့ ကြမ်းပြင်မှာ မိဘနှင့်ကလေးအတူတူ ထိုင်စာဖတ်နိုင်ရန် ကူရှင်အဝိုင်းလေးတွေကိုလည်း အခန်းအဝင်ဝ မှာထားပေးတော့ အဲဒီကူရှင်တွေယူပြီး ကြမ်းပြင်မှာကူရှင်တွေခင်းထိုင်ပြီး ရုပ်ပြစာအုပ်တွေမိဘနှင့်ကလေးတွေ အတူတူကြည့်နေကြ တာ ဖတ်နေကြတာ အားရစရာကောင်းလိုက်တာ။ စာမဖတ်တတ်သေးတဲ့ကလေးတွေ စာ အုပ်နှင့်ရင်းနှီးအောင်၊ စာကိုချစ်ခင်လာအောင် ထားပေးတဲ့စာအုပ်တွေက ပုံတွေအများကြီးပါပါတယ်။ ကလေး တွေက စာမဖတ်တတ်သေးတော့ ပုံတွေကို ကြည့်ပြီး မိဘကစာကိုဖတ်ပြတော့ ဖတ်ပြတဲ့အသံရယ် ပုံရယ်တွဲ ပြီးမြင်ကြားနေတော့ ဘာကိုရေးထားကြောင်း နားလည်လာကြပါတယ်။
ပြင်ပမှာမြင်တွေ့နေရတဲ့လူတွေ၊ အကောင်တွေ၊ ပစ္စည်းတွေကို စာအုပ်ထဲမှာတော့ ရုပ်ပုံတွေအဖြစ်တွေ့မြင် နေပြီး အဲဒီပုံတွေကို ဘာသာစကားအားဖြင့် ဘယ်လိုရေးတယ်ဆိုတဲ့အရေးသင်္ကေတစနစ်တွေကိုပါတွေ့မြင် လာ စေပါတယ်။ အရေးသင်္ကေတတွေကိုမိဘတွေကဖတ်ပြတော့ အရေးသင်္ကတတွေမှာ သက်ဆိုင်ရာအသံတွေနှင့် ဆိုလိုတဲ့ရည်ညွှန်းချက်တွေရှိတာကိုကလေးတွေက သိလာကြပါတယ်။
စာအုပ်တွေမှာပါတဲ့ပုံတွေကလည်းအရောင်အမျိုးမျိုးရှိပြီး ပတ်ဝန်းကျင်မှာတွေ့နေရတဲ့အကောင်တွေ၊ အပင် တွေ၊အပွင့်တွေ၊ အသီးတွေ၊ ကစားစရာတွေအားလုံးကိုစာအုပ်ထဲမှာတွေ့မြင်နေရတော့ ကလေးတွေက စာအုပ် ထဲမှာပါတဲ့ပုံတွေကိုစိတ်ဝင်စားကြပါတယ်။ အပြင်မှာ ခပ်လှမ်းလှမ်းကသာတွေ့နိုင်မြင်နိုင်တဲ့အကောင်တွေ၊ အသီးအပွင့်တွေကိုအနီးကပ်သေသေချာချာ မြင်တွေ့နိုင်တဲ့အတွက် ကလေးတွေပိုစိတ်ဝင်စားကြပါတယ်။ ပြီး တော့ မိဘက သူတို့ကိုအချိန်ပေးပြီး စာတွေကိုဖတ်ပြတဲ့အတွက် ကလေးတွေက ပိုကျေနပ်နေပါတယ်။ အဲ ဒီ တွေ့ ရှိချက်က မိဘတွေအနေဖြင့် ကလေးတွေအတွက်အရည်အသွေးရှိတဲအချိန်ပေးဖို့ လိုအပ်တယ်ဆိုတာ ကိုပို ပေါ် လွင်စေပါတယ်။ မိဘတွေက လေးတွေကိုစာဖတ်ပြနေတဲ့အချိန်မှာ လက်ကိုင်ဖုန်းကိုင်ထားခြင်းမရှိကြပါ ဘူး။ သူတို့အာရုံက ကလေးနှင့် စာအုပ်မှာသာထားနေတဲ့အတွက် ကလေးတွေသဘောကျတာလည်းဖြစ်ပါတယ်။ မိဘ ကသူတို့ကို တန်ဖိုထားချစ်ခင်တယ်ဆိုတာကို ထိတွေမှုအရခံစားသိနားလည်ကြပါတယ်။

ကလေးတွေဟာစာကြည့်တဲ့နေရာမှစာအုပ်တွေကိုစိတ်ကြိုက်ယူကြည့်ပြီး စာအုပ်တွေကိုထိုင်ဖတ်နေတဲ့ကလေး ခပ်ကြီးကြီးတွေလည်းအများကြီးရှိကြပါတယ်။ ကလေးမလေးတစ်ယောက်ဆိုရင် အိုင်ပက်ထဲမှာထည့်ထားတဲ့ စာအုပ်ကိုဖတ်နေတာ တော်တော်စိတ်ဝင်စားနေတာသိပ်သိသာပါတယ်။ ကလေးတွေအဲဒီလိုစာအုပ်တွေယူပြီး ဖတ်ချင်တဲ့နေရာအရောက်ပြေးသွားနေတာကို မပြေးနဲ့လို့ မတားကြပါဘူး။ ကလေးသဘာဝလှုပ်ရှာသွားလာ ခွင့် ပေးထားကြပါတယ်။
စာဖတ်တဲ့နေရာမှာ နံရံမှာ အကောင်လေးတွေသက်ဝင်လှုပ်ရှားနေအောင် ကလေးတွေကိုယ်တိုင်ခလုပ်မှထိန်းနိုင် တဲ့ ခလုပ်လေးတွေလည်းစီစဥ်ထားပေးထားပါတယ်။ ကလေးငယ်လေးတွေက အရုပ်လေးတွေသက်ဝင်လှုပ် ရှားပြီးနံရံမှာလှုပ်ရှားနေအောင် ခလုပ်တွေကို နှိပ်ပြီးပြုလုပ်ကြပါတယ်။ တစ်ချို့ကလေးတွေဆိုရင် ခလုပ်ကို အ ခြားကလေးတွေက သုံးနေတဲ့အတွက် ခလုပ်ကိုမနှိပ်နိုင်သေးတဲ့သဖြင့် စောင့်နေရင်း နံရံပေါ်မှာထင်ဟပ် လှုပ်ရှား နေတဲ့အကောင် လေးတွေ သွားထိကိုင်တာ၊ ပုတ်တာမျိုးတွေပြုလုပ်ကြတာကိုလည်း တွေ့ ရပါတယ်။ 

ကလေးတွေနှစ်သက်ရာစာအုပ်တွေကို ယူကြည့်နိုင်စေရန် စာအုပ်ထားပေးတဲ့နေရာတွေက ကလေးအရပ်နှင့်မှီ နိုင်တဲ့အနေအထားခပ်နိမ့်နိမ့်ထားပေးပါတယ်။ သွားလေ့လာတဲ့နေ့ကတော့ ကလေးငယ်လေးတစ်ယောက် ကြမ်းပြင်မှာ လေးဘက်ထောင် သွားနေရင် သူ့မျက်လုံးလေးက ဝင်းလက်နေပြီး လူတွေကို လိုက်ကြည့်နေတာ တွေ့လိုက်ပါတယ်။ ကျွန်တော်ကကလေးတွေကိုချစ်တော့ အဲဒီကလေးကို လက်ပြပြီးသူ့ကို အလေးထားကြည့် ရင်း ပြုံးပြီးနှုတ်ဆက်လိုက်ပါတယ်။ သူကသဘောကျပြီး လေးဘက်ထောက်လျက် ရှေ့သို့တက်လာပါတယ်။ နောက်ဆုံးသူ့ဖခင်ရဲ့ခွင့် ပြုချက်ဖြင့် အဲဒီကလေးလေးကိုခဏလောက်ပွေ့ချီထားလိုက်ပါတယ်။ သူ့အမည်က ဘီ လီ အသက်က (၈) လသာရှိပါသေးတယ်။ အလွန်ချစ်စရာကောင်းတဲ့ကလေးလေးဖြစ်ပါတယ်။
အဲဒီလို ငယ်တဲ့ကလေးအရေအတွက်ကတော့ နည်းနည်းပါ။ လေးငါးနှစ်လောက်အရွယ်ကလေး အရေအတွက် က များပါတယ်။ ကလေးတွေက စာအုပ်တွေကို စိတ်ကြိုက်ယူပြီးကြည့်နေတဲ့အချိန်မှာပင် စာကြည့်တိုက်မှ စာအုပ်အသစ်တွေကို လက်တွန်းလှည်းမှာတင်ပြီး စာအုပ်စင်တွေမှာလိုက်ထည့်ပေးနေတာ ကိုလည်းတွေ့ခဲ့ ရပါတယ်။
အခုအတွေ့အကြုံကို ကြည့်ပြီးဒီ ကလေးတွေကကံကောင်းလိုက်တာလို့အရင်ဆုံးဝမ်းသာမှုဖြစ်ခဲ့ပါတယ်။ နောက် ပြီး အနာဂါတ်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှု လုပ်တယ်ဆိုတာ အဲဒီလိုရင်းနှီးမြှုပ်နှံတာလို့ သဘောပေါက်ခဲ့ပါတယ်။ စာဖတ်ခြင်းဟာ လူတွေမိမိတို့မမှီလိုက်တဲ့ခေတ်က အခြားလူတွေရဲ့အတွေ့အကြုံတွေ၊ အသိအမြင်ပညာတွေ၊ ဘဝသင်ခန်းစာတွေကို စာမှတစ်ဆင့် လေ့လာသင်ယူနိုင်တဲ့အတွက်အများကြီးအကျိုးများစေပါတယ်။
မိတ်ဆွေများသားသမီးများကို စာနှင့်ရင်းနှီးလာအောင်မိမိတို့တတ်နိုင်သမျှငယ်စဥ်ကစတင် လေ့ကျင့်ပေးနိုင်ကြ ပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။
No comments:
Post a Comment