Monday, February 3, 2025

မွန်တက်ဆော်ရီဆရားများမှာရှိတဲ့လက္ခဏာ (၈)ချက် Food for Thought 862 ဒေါက်တာသိန်းလွင်

 May be an image of 1 person, childrens toy and text


ဒီနေ့ “မွန်တက်ဆော်ရီဆရားများမှာရှိတဲ့လက္ခဏာ (၈)ချက်” အကြောင်းကို Food for Thought 862 အဖြစ်အနှစ်ချုပ်မျှဝေလိုက်ပါတယ်။

မွန်တက်ဆော်ရီဆရာများရဲ့လက္ခဏာ (၈)ချက်

မွန်တက်ဆော်ရီသင်တန်းဆင်းဆရာမတွေမှာ အောက်ပါလက္ခဏာ (၈) ချက်ရှိကြပါတယ်။

၁။ စံနမူနာကောင်းကောင်းစွာပြနိုင်ခြင်း

ကလေးတွေဆိုတာ သူတို့မြင်တာကြားတာကိုအတုယူလိုက်လုပ်ရတာအလွန်နှစ်သက်ပါတယ်။ အဲဒီ လိုအတုယူတာက သင်ယူမှုဖြစ်စဥ်မှာအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ မွန်တက်ဆော်ရီနည်းဖြင့် လေ့ ကျင့်ပေးတဲ့ဆရာမတွေကစံနမူနာပြပြီးသင်ပေးပါတယ်။ စံနမူနာပြပြီးသင်ပေးတော့ ကလေးတို့အဖို့ သင်ရတာလွယ်ကူစေပါတယ်။ မွန်တက်ဆော်ရီနည်းဖြင့် လေ့ကျင့်ပေးထားတဲ့ဆရာမတွေက အ စဥ် သဖြင့်စံနမူနာကောင်းပြနေသူများဖြစ်ကြပါတယ်။ အပြုအမူပိုင်း၊ အပြန်အလှန်ပြောဆိုဆက်သွယ် တဲ့ အပိုင်းနဲ့ စနစ်ကျနမှုအပိုင်းတို့မှာစံနမူနာပြကြပါတယ်။ ကလေးတို့နေရာမှ နားလည်အောင်နား ထောင် ပေးခြင်းနှင့် အလေးထားကြည့်ရှုလေ့မှုကိုပေါင်းပြီး ဆရာမတွေဟာကလေးတွေရဲ့ဆန်းသစ်ဖန်တီး နိုင် မှုကိုအထိရောက်ဆုံးလမ်းပြပေးနိုင်ကြပါတယ်။ အဲဒီတော့ ကလေးတွေအနေနဲ့စူးစမ်းလေ့လာမှုနဲ့ ဆန်း သစ်တဲ့ရှုမြင်မှုတို့ကအရေးကြီးကြောင်းကလေးတွေနားလည်လာစေပါတယ်။

ကောင်းစွာနားထောင် + သေချာလေ့လာ + စံနမူနာကောင်းပြ = စူးစမ်းလေ့လာလိုစိတ်အားကောင်း

၂။ ကလေးတွေကိုဂရုတစိုက်ကြည့်ရှုလေ့လာပါတယ်။

ကလေးတွေဟာ သူတို့နှုန်းထားဖြင့် တိုးတက်နေကြတာကိုလက်ခံပါတယ်။ကလေးတွေကိုသေချာ နား လည်အောင်ဂရုတစိုက်ကြည့်ရှုလေ့လာခြင်းဖြင့် မှန်ကန်တဲ့သင်ကြားသင်ထောက်ကူပြုပစ္စည်းများ သုံး ပြီး မှန်ကန်တဲ့တိုးတက်ရေးလမ်းကြောင်းရောက်အောင်လမ်းပြနိုင်ပါတယ်။ ဒါကြောင့်ကလေးတွေ ဟာ ကျွမ်းကျင်မှုတစ်ခုကိုသင်ယူရန်အသင့်အနေအထားဖြစ်တာကိုသေချာလေ့လာသိနိုင်ကြပါတယ်။ ထိုမှ နောက်တစ်ဆင့်သို့တက်နိုင်အောင်လည်းကူညီပေးနိုင်ကြပါတယ်။ သေချာကြည့်ရှုလေ့လာပြီးသင့်တင့် စွာ လမ်းညွှန်ပေးခြင်းမှာ အစဥ်အလာအရစည်းကမ်းပြသင်ပေးတဲ့နည်းလမ်းနဲ့မတူတဲ့ခြား နားချက်ပင် ဖြစ်ပါတယ်။

ဂရုတစိုက်ကြည့်ရှုလေ့လာ + သင့်တဲ့သင်ထောက်ကူသုံး + လမ်းညွှန်ပေး = ကျွမ်းကျင်မှုဖြစ်လာ

၃။ ဆရာမတွေက ဆက်သွယ်ပေးသူတွေ

မွန်တက်ဆော်ရီနည်းဖြင့် လေ့ကျင့်ပေးတဲ့ဆရာမတွေရဲ့အခန်းက ကလေးတွေနှင့် သင်ကြားသင်ယူ မှုမှာသုံးတဲ့ပစ္စည်းတွေကို ဆက်သွယ်ပေးတဲ့တာဝန်ကို ပြုလုပ်ရပါတယ်။ သင်ကြားသင်ယူမှုမှာသုံး တဲ့ပစ္စည်းတွေက သေချာစဥ်းစားပြီးဖော်ထုတ်ထားတာဖြစ်ပါတယ်။ ပစ္စည်းတိုင်းဟာ ဘာဖြစ်လာ ဖို့ဆိုတဲ့ဦးတည်ချက်ရှိရှိ ဖန်တီးဖော်ထုတ်ထားတာဖြစ်ပါတယ်။ ဆရာမများကဝင်ကူညီပြသပေးခြင်း ဖြင့် ကလေးမှာရှိတဲ့ဆန်းသစ်တီထွင်လိုမှုနှင့် သင်ထောက်ကူပစ္စည်းများကြား အပြန်အလှန် ဆက်သွယ် မှုကိုဖြစ်လာစေပါတယ်။

ကလေးများ + ဆရာမများ + သင်ကြားသင်ထောက်ကူပစ္စည်းများ = စူးစမ်းလေ့လာလိုစိတ်ဖြစ်လာ

၄။ အသစ်ရှာဖွေတွေ့ရှိအောင်လေ့လာသင်ယူကြ။

ကလေးတွေနှင့်ဆရာမတွေဟာ တစ်ဦးထံမှတစ်ဦးသင်ယူနေကြပါတယ်။ ဆရာမတွေကကလေးတွေထံမှသာသင်ယူ နေခြင်း မဟုတ်ပါ။ ကိုယ်တိုင်လည်းတတ်ကျွမ်းမှုဆိုင်ရာအစဥ်တိုးတက်နေအောင် လေ့လာနေကြပါတယ်။ သုံးနှစ်မှ ငါးနှစ်အတွင်း စဥ်ဆက်မပြတ်လေ့လာသင်ယူမှုကို အနည်းဆုံးနာရီ (၃၀)မှ (၅၀)အထိ သင်ယူရပါတယ်။

ဆရာနှင့်ကလေးအပြန်အလှန်သင်ယူ + ပုံမှန်တတ်ကျွမ်းမှုသင်တန်းတက် = ဆရာမများ အစဥ်တိုးတက်ရေး

၅။အမှားမှနေသင်ယူခြင်း

အမှားဆိုတာသင်ယူမှုဖြစ်စဥ်မှာဖြစ်တတ်တဲ့ဖြစ်စဥ်တစ်ခုဖြစ်ကြောင်းကလေးများသိနားလည်အောင်သင်ပေးပါ တယ်။ အမှားက သင်ယူစရာလက်နှက်ကိရိယာဖြစ်လာကြောင်းကလေးတွေသိနားလည်အောင် သင်ပေးပါတယ်။

သင်ယူမှု + ဖြစ်လာတဲ့အမှား = သင်ယူစရာလက်နှက်ကိရိယာ

၆။ မွန်တက်ဆော်ရီဆရာမများမှာအထူးသင်တန်းရှိရန်လိုအပ်ခြင်း

မွန်တက်ဆော်ရီနည်းအရဆရာမဖြစ်လာရန် အနိ့မ့်ဆုံးအားဖြင့် ဝိဇ္ဇာဘွဲ့ကိုရရှိထားရန် လိုအပ်ပါတယ်။ ပြီးတော့ တစ်နှစ်ကြာအောင် အနီးကပ်လေ့ကျင့် သင်တန်းတက်ရောက်ရန် လိုအပ်ပါတယ်။

မွန်ဆက်ဆော်ရီဆရာမ = ဝိဇ္ဇာဘွဲ့+ တစ်နှစ်အနီးကပ်လေ့ကျင့် သင်တန်းတက်

၇။ စတင်ကိုယ်စွမ်းကိုယ်စထုတ်တိုင်လုပ်ဆောင်မှု၊ လွတ်လပ်စွာလုပ်ဆောင်မှု၊ကိုယ်အားကိုယ်ကိုး လုပ်ဆောင်မှုတို့ကို အားပေးခြင်း

လေ့လာရင်းမှားရာမှမှန်လာအောင် ညင်သာတဲ့လမ်းပြမှုနဲ့သင်ယူတဲ့ကလေးတွေဟာ ကိုယ်တိုင်လေ့လာသိနားလည်မှု အတွက်ဂုဏ်ယူလာတတ်ကြပါတယ်။ ကိုယ်တိုင်လုပ်နိုင်မှုအတွက်ဂုဏ်ယူတဲ့စိတ်ကြောင့်မိမိကိုယ် မိမိယုံကြည်မှု ဖြစ် လာပြီးနောက်ပိုင်းကိုယ်တိုင်လုပ်ကိုင်ရာမှ မိမိကိုယ်မိမိအားကိုးတဲ့စိတ်တွေဖြစ်လာစေပါတယ်။

အမှားမှသင်ယူ + အောင်မြင်ဂုဏ်ယူ = မိမိကိုယ်မိမိယုံကြည် = ကိုယ့်အားကိုယ်ကိုး လုပ်ဆောင်တတ်လာ

၈။ ဆန်းသစ်တီထွင်မှုကို အားပေးခြင်း

ဆန်းသစ်ဖန်တီးနိုင်မှုက အသစ်အဆန်းတွေကိုဖန်တီးဖြစ်ပေါ်စေဖို့အင်ဂျင်ဖြစ်ပါတယ်။ အဲဒီလိုဆန်းသစ်တီထွင်မှု ဖြစ်လာရန် ကလေးရဲ့စူးစမ်းလေ့လာလိုမှုကို အားပေးပါတယ်။

ကလေးရဲ့စူးစမ်းလေ့လာလိုမှု + အားပေးတိုက်တွန်းခြင်း = ဆန်းသစ်တီထွင်မှုများဖြစ်ပေါ်လာစေခြင်း

မိတ်ဆွေများမွန်တက်ဆော်ရီဆရာမများလေ့လာကျင့်သုံးတဲ့နည်းများကိုကျင့်သုံးခြင်းဖြင့် ကလေးများဆန်းသစ် တီထွင် နိုင်စွမ်းတွေတိုးတက်လာအောင် ကူညီပေးနိုင်ကြပါစေ။
မေတ္တာဖြင့်

ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...