Monday, February 3, 2025

ဆရာမနှင့်မူကြိုကလေးငယ် Food for Thought 864 ဒေါက်တာသိန်းလွင်

 


ဆရာမနှင့်မူကြိုကလေးငယ်

ဒီနေ့မှာမူကြိုအရွယ်ကလေးတွေစဥ်းစားပုံကို “ဆရာမနှင့်မူကြိုကလေးငယ်” ဆိုတဲ့ခေါင်းဖြင့်ဖြင့် Food for Thought 864 ကိုမျှဝေလိုက်ပါတယ်။

ဆရာမကကလေးတွေမှာအရေအတွက်နှင့်ပတ်သက်လို့ ဘယ်လိုဘယ်လောက်နားလည်သလဲဆိုတာကို သိရန် စမ်းကြည့်ပါတယ်။

ဆရာမကကလေးတစ်ယောက်ကို သားကိုဆရာမက ပန်းသီးပေးမယ်။ သားမှာပန်းသီးဘယ် လောက်ရှိသလဲ ဆိုတာသားကပြောရမယ်ဆိုပြီးကလေးကို မှာထားပါတယ်။ အောက်ပါနည်းအတိုင်း ဆရာမ ကကလေးကို ပန်းသီးပေးပါတယ်။

ဆရာမ - (လက်ထဲမှာပန်းသီးကိုင်ထားဟန်ဖြင့်)ရော့ပန်းသီးတစ်လုံး၊ ပန်းသီးနောက်တစ်လုံး၊ ပန်းသီးနောက် တစ်လုံး၊ ပန်းသီးနောက် တစ်လုံးလို့ပြောပြီး ကလေးလက်ထဲပန်းသီးထည့်ဟန်ဖြင့် ပြုလုပ်ပါတယ်။ ပြီးတော့ အခု ဆိုရင်”သားမှာဆရာမပေးထားတဲ့ပန်းသီး ဘယ်နှစ်လုံးရှိပါသလဲ” လို့မေးလိုက်ပါတယ်။

ဒီတော့ကျောင်းသားက ဆရာမကိုကြည့်ပြီး တစ်လုံးမှမရပါဘူးလို့ပြန်ဖြေလိုက်ပါတယ်။

ဒီတော့ဆရာမက ခုနကဆရာမပေးထားတဲ့ပန်းသီးတွေကိုမေးတာလေလို့ပြောတဲ့အခါ ကလေးက ဆရာမကို ကြည့်ပြီး “ဆရာမပေးတာ ပန်းသီးတစ်လုံးမှမပါပါဘူး။ ဒါကြောင့် ဆရာမပေးတာ သားမှာပန်းသီးတစ်လုံးမှ မရပါဘူး” လို့ပြန် ဖြေလိုက်ပါတယ်။

ဒါကြောင့် ဆရာမကနောက်တစ်ခါမှာတော့ ပန်းသီးတွေရှာလာပြီး အောက်ပါအတိုင်း ကလေးကိုစမ်းကြည့်ပြန်ပါ တယ်။

ကဲဆရာမကသားကိုပန်းသီးပေးမယ်။ ပြီးတဲ့အခါ သားမှာပန်းသီးဘယ်လောက်ရှိသလဲဆိုတာ ပြောရမယ်နော် လို့ ကလေးကိုအရင်ပြောထားပါတယ်။

ဆရာမ- ပန်းသီးတစ်လုံးကိုကိုင်ပြီး ကလေးလက်ထဲထည့် လိုက်ပါတယ်။ ပြီးတော့ပန်းသီးနောက်တစ်လုံးကို ကလေးလက်ထဲထည့်လိုက်ပြန်ပါတယ်။ ပြီးတော့ ပန်းသီးနောက်တစ်လုံးကိုကလေးလက်ထဲထည့် လိုက်ပြန် ပါတယ်။ ပြီးတော့ ပန်းသီးတစ်လုံးကို ယူပြီးကလေးလက်ထဲထည့်လိုက်ပါတယ်။ အခုဆိုရင် သားမှာ ပန်းသီး ဘယ်လောက်ရှိသလဲလို့မေးလိုက်ပါတယ်။

ဒီတော့ကလေးက သေချာပြန်ရေတွက်ပြီး (၅) လုံးပါလို့ဆရာမကိုပြန်ဖြေလိုက်ပါတယ်။ ဒီတော့ ဆရာမက တော်တော်အံ့အားသင့်သွားပါတယ်။ ဒါကြောင့် အခြားအသီးတစ်ခုနှင့်စမ်းကြည့်မယ်လို့စိတ်ကူးရပြီး သပျက် သီးနဲ့စမ်းကြည့်ပြန်ပါတယ်။

ဆရာမ- သပျက်တစ်လုံးကိုကိုင်ပြီး ကလေးလက်ထဲထည့် လိုက်က်ပါတယ်။ ပြီးတော့သပျက်သီးနောက်တစ်လုံး ကို ကလေးလက်ထဲထည့်လိုက်ပြန်ပါတယ်။ ပြီးတော့ သပျက်သီးနောက်တစ်လုံးကိုကလေးလက်ထဲထည့် လိုက် ပြန် ပါတယ်။ ပြီးတော့ သပျက်သီးတစ်လုံးကို ယူပြီးကလေးလက်ထဲထည့်လိုက်ပါတယ်။ အခုဆိုရင် သားမှာ သ ပျက်သီး ဘယ်လောက်ရှိသလဲလို့မေးလိုက်ပါတယ်။

ဒီတော့ကလေးက သေချာပြန်စိတ်ကူးတွက်ချက်ပြီး သပျက်သီး (၄) လုံးပါလို့ပြန်ဖြေလိုက်ပါတယ်။ ဒီတော့ဆရာ မ ကသဘောကျသွားပါတယ်။ ဒါကြောင့် ပန်းသီးနဲ့ပြန်စမ်းကြည့်ရန် ဆုံးဖြတ်လိုက်ပါတယ်။

ဆရာမ - လက်ထဲမှာပန်းသီးကိုင်ထားပြီးရော့ပန်းသီးတစ်လုံး၊ ပန်းသီးနောက်တစ်လုံး၊ ပန်းသီးနောက် တစ်လုံး၊ ပန်းသီးနောက် တစ်လုံးလို့ပြောပြီး ကလေးလက်ထဲပန်းသီးထည့် ပေးပါတယ်။ ပြီးတော့ အခု ဆိုရင်” သားမှာ ပန်းသီးဘယ်နှစ်လုံးရှိပါသလဲ” လို့မေးလိုက်ပါတယ်။

ဒီတော့ကလေးကသေသေချာချာစဥ်းစားပြီး (၅)လုံးပါလို့ပန်ဖြေလိုက်ပါတယ်။ ဒီတော့ဆရာမကမတွေးတတ် အောင်ဖြစ်သွားတဲ့အတွက် ဘယ်လို (၅) လုံးရတာလဲလို့ကလေးကိုမေးတဲ့အခါ ကလေးကအောက်ပါအတိုင်း ပြန်ဖြေလိုက်ပါတယ်။

ကလေး- ဆရာမပေးတဲ့ပန်းသီးတွေက (၄) လုံးပါ။ သားမေမေက ကျောင်းမှာသားစားဖို့ ပန်းသီးတစ်လုံးထည့် ပေးလိုက်ပါတယ်။ အိပ်ထဲမှာရှိနေပါတယ်။ ဒါကြောင့် ဆရာမပေးတဲ့ပန်းသီး (၄) လုံးနဲ့မေမေပေးလိုက်တဲ့ပန်းသီး (၁) လုံးပေါင်းရင် အားလုံး (၅) လုံးပါလို့ကလေးကရှင်းပြလိုက်ပါသတဲ့။

ဒီတော့မှဆရာမလည်းကလေးအမြင်နဲ့တွက်ချက်ပုံကိုသဘောပေါက်နားလည်သွားပါတော့သတဲ့။

ကလေးတွေဆိုတာ အကောင်အထည်ရှိတာနဲ့အကောင်အထည်မရှိတာကို ယှဥ်လိုက်ရင်အကောင်အထည်ရှိ တာ ကို ပိုအလေးထားကြပါတယ်။ နောက်တစ်ခု မိမိမှာရှိနေတာတွေကို အားလုံးပေါင်းပြီးနားလည်တတ်ကြပါ တယ်။ ဒါကြောင့် အိပ်ထဲမှမိခင်ထည့်ပေးလိုက်တဲ့ပန်းသီး(၁)လုံးနဲ့ဆရာမ ပေး တဲ့ပန်းသီး(၄) လုံးကိုပေါင်းပြီး စုစုပေါင်း (၅) လုံးလို့ ပြန်‌ဖြေလိုက်တာဖြစ်ပါတယ်။ ဒါကြောင့်ကလေးကတစ်ခုခုကို စဥ်းစားပြီး‌ဖြေနေရင် ဘာကြောင့် အဲဒီလိုဖြေနေသလဲဆိုတာ သိအောင်မေးကြည့်ရန် လိုအပ်ပါတယ်။ ချက်ခြင်းမှားတယ်လို့ မသတ် မှတ်မိရန်အရေးကြီးပါတယ်။

မိတ်ဆွေများ ကလေးတွေဖြေပုံက တစ်မျိုးမျိုးဖြစ်နေရင်အရင်ဆုံးဘာကြောင့် ဖြစ်နေတယ်ဆိုတာသိအောင် လုပ်ရန် လိုအပ်ပါတယ်။မှားတယ်လို့ချက်ခြင်းမသတ်မှတ်သင့်ပါ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...