
ဒီနေ့မှာတော့ “နှစ်သစ်ကူးဆုတောင်း”ကို Food for Thought 869 အဖြစ် မျှဝေရင်းဆုမွန်ကောင်းတောင်းလိုက်ပါ တယ်။
နှစ်သစ်ကူးဆုတောင်း
ဒီနေ့ဟာ
၂၀၂၅ ခုနှစ် ဆန်း (၁) ရက်နေ့ဖြစ်ပါတယ်။ ဒါကြောင့် မိသားစုဝင်များအားလုံး၊
မိတ်ဆွေများအားလုံး၊ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး၊
ကမ္ဘာသူကမ္ဘာသားအားလုံး-
• စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။
• ကောင်းမြတ်တဲ့လိုအင်ဆန္ဒမှန်သမျှပြည့်ဝကြပါစေ။
• လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းတဲ့နှစ်ဖြစ်ပါစေ။
• လူအချင်းချင်းအထင်သေးခြင်း ကင်းရှင်းတဲ့နှစ်ဖြစ်ပါတယ်။
• ဆင်းရဲလိုခြင်းအချင်းချင်းကင်းတဲ့နှစ်ဖြစ်ပါစေ။
• မြတ်ဗုဒ္ဓ၏လမ်းပြမှုဖြစ်တဲ့ မဂ္ဂင်(၈)ပါးကို လိုက်နာပွားများအားထုတ်နိုင်ကြတဲ့ သူများဖြစ်ကြပါစေ။
o ၁။ သမ္မာဒိဋ္ဌိ (Sammā diṭṭhi) = မှန်သော အယူအမြင်၊ Right Understanding or Right View
၂။ သမ္မာသင်္ကပ္ပ (Sammā saṅkappa) = မှန်သော အကြံ၊ Right Thought or Right Intention
၃။ သမ္မာဝါစာ (Sammā vācā) = မှန်သော စကား၊ Right Speech
၄။ သမ္မာကမ္မန္တ (Sammā kammanta) = မှန်သော အမှုအလုပ်၊ Right Action
၅။ သမ္မာအာဇီဝ (Sammā ājīva) = မှန်သော အသက်မွေးဝမ်းကျောင်းမှု၊ Right Profession
၆။ သမ္မာဝါယာမ (Sammā vāyāma) = မှန်သော အားထုတ်မှု၊ Right Effort or Right Diligence
၇။ သမ္မာသတိ (Sammā sati) = မှန်သော အောက်မေ့ နှလုံးသွင်းမှု၊ Right Mindfulness
၈။ သမ္မာသမာဓိ (Sammā samādhi) = မှန်သော တည်ကြည် စူးစိုက်မှု၊ Right Concentration
o သမ္မာဒိဋ္ဌိ
o မှန်ကန်သော အသိအမြင်ဆောင်နိုင်ကြပါစေ။
o ဒုက္ခသစ္စာကို သိမြင်ခြင်း၊
ဒုက္ခသစ္စာဖြစ်ကြောင်း သမုဒယသစ္စာကို သိမြင်ခြင်း၊
ဒုက္ခချုပ်ငြိမ်းရာ နိရောဓသစ္စာကို သိမြင်ခြင်း၊
ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း မဂ္ဂသစ္စာ မဂ္ဂင်၈ပါးအကျင့်တရားကို သိမြင်နိုင်ကြပါစေ။
o သမ္မာသင်္ကပ္ပ
o မှန်ကန်သော အတွေးအကြံကို တွေးကြံနိုင်ကြပါစေ။
o ကာမဂုဏ်အစွဲမှ ထွက်မြောက်ရာကို ကြံစည်ခြင်း၊
သူတစ်ပါးတို့အတွက် ကောင်းစားရေး ချမ်းသာရေးကို ကြံစည်ခြင်း၊
သနားရှေးရှု၍ သတ္တဝါတို့၏ ချမ်းသာရေးကို ကြံစည်နိုင်ကြပါစေ။
o သမ္မာဝါစာ
o အသက်မွေးမှုနှင့် မဆိုင်ဘဲ မှန်ကန်သောစကား ပြောဆိုနိုင်ကြပါစေ။
o
မဟုတ်မမှန် ပြောဆိုခြင်း၊ ကုန်းတိုက်စကား ပြောခြင်း၊
ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောခြင်း၊ အကျိုးမရှိ ပြိန်ဖျင်းသော
စကားကို ပြောဆိုခြင်းတို့မှ ရှောင်ကြဉ်နိုင်ကြပါစေ။
o သမ္မာကမ္မန္တ
o အသက်မွေးမှုနှင့် မဆိုင်ဘဲ မှန်ကန်သောအမှုကို ပြုနိုင်ကြပါစေ။
o သူ့အသက် သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ ဝတ္ထုကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းတို့မှ ရှောင်ကြဉ်နိုင်ကြပါစေ။
o သမ္မာအာဇီဝ
o မှန်ကန်သော အသက်မွေးမှုပြုလုပ်နိုင်ကြပါစေ။
o အသက်မွေးမှုလုပ်ငန်း ပြုလုပ်ဆောင်ရွက်ပါက နှုတ်မှုစရိုက်ဆိုး (၄) ပါး၊ ကိုယ်မှုစရိုက်ဆိုး (၃) ပါးကို ရှောင်ကြဉ်နိုင်ကြပါစေ။
o သမ္မာဝါယာမ
o မှန်ကန်သော အားထုတ်မှုပြုလုပ်နိုင်ကြပါစေ။
o
မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေရန် အားထုတ်ခြင်း၊ ဖြစ်ပြီးသော
အကုသိုလ် တရားတို့ကို ဆက်လက် မဖြစ်ပေါ်စေရန် အားထုတ်ခြင်း၊ မဖြစ်သေးသော
ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန် အားထုတ်ခြင်း၊ ဖြစ်ပြီးသော
ကုသိုလ်တရားတို့ကို ထပ်မံ ပြန့်ပွားစေရန် အား ထုတ်နိုင်ကြပါစေ။
o သမ္မာသတိ
o မှန်ကန်သော အောက်မေ့မှုကိုသတိရအောက်မေ့နိုင်ကြပါစေ။
o ကာယ၊ ဝေဒနာ၊ စိတ်၊ ဓမ္မဟူသော ရုပ် နာမ် သဘာဝတို့၌ အကြိမ်ကြိမ် လေ့လာအောက်မေ့ နိုင်ကြပါစေ။
o သမ္မာသမာဓိ
o မှန်ကန်သော တည်ကြည်မှုရရှိနိုင်ကြပါစေ။
o ရုပ် နာမ် သဘာဝကို ရှုမြင်ဆင်ခြင်ရာ၌ စိတ်ကို ရုပ် နှင့် နာမ်တို့ အပေါ်တွင် တည်ငြိမ်စွာ ထားရှိနိုင်ကြပါစေ။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။ ကောင်းမြတ်တဲ့ ရှင်သန်နေထိုင်မှုဖြင့် နေထိုင်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
No comments:
Post a Comment