Monday, February 3, 2025

ဆန်းသစ်တီထွင်တဲ့စဥ်းစားတတ်အောင်လေ့ကျင့်ပေးနည်း (၉)မျိုး Food for Thought 878 ဒေါက်တာသိန်းလွင် ဒေါက်တာသိန်းလွင် ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

May be a graphic of text


ဒီနေ့ ” သမရိုးကျစဥ်းစားမှုဘောင်ကို ကျော်လွန်ပြီးဖောက်ထွက်စဥ်းစားတတ်အောင်လေ့ကျင့်ပေးနိုင်တဲ့ လုပ်ငန်း (၉)ခု” အကြောင်းကို Food for Thought 878 အဖြစ်မျှဝေလိုက်ပါတယ်။

ဆန်းသစ်တီထွင်တဲ့စဥ်းစားတတ်အောင်လေ့ကျင့်ပေးနည်း (၉)မျိုး

သမရိုးကျစဥ်းစားမှုဘောင်ကို ကျော်လွန်ပြီးဖောက်ထွက်စဥ်းစားတတ်အောင်လေ့ကျင့်ပေးနိုင်တဲ့လုပ်ငန်း (၉)ခု

သမရိုးကျစဥ်းစားမှုဘောင်ကို ကျော်လွန်ပြီးဖောက်ထွက်စဥ်းစားခြင်းဆိုတာ ပုံမှန်စဥ်းစားမှုကိုဖောက်ထွက်ကျော် လွန်ပြီး ဆန်းသစ်တီထွင်စဥ်းစားခြင်းဖြစ်ပါတယ်။ အဲဒီလိုစဥ်းစားတဲ့အခါမှာ ကြုံလာတဲ့ပြဿနာအခြေအနေကို ဆန်းသစ်ပြီးတီထွင်ဖန်တီးတဲ့ရှုထောင့်မှချဥ်းကပ်ခြင်းပြုလုပ်ရပါတယ်။ အပြည်ပြည်ဆိုင်ရာအားကောင်း တဲ့ ကျောင်းတွေမှာဆိုရင် ကျောင်းသားတွေမှာ ပြဿနာဖြေရှင်းမှုဆိုင်ရာကျွမ်းကျင်မှုများတိုးတက်လာစေရန်၊ ဆန်း သစ်တီထွင်အားကောင်းရန်နဲ့ကိုယ်အားကိုယ်ကိုးစဥ်းစားတတ်လာအောင် သမရိုးကျစဥ်းစားမှုဘောင်ကို ကျော် လွန်ပြီးဖောက်ထွက်စဥ်းစားနည်းကိုလေ့ကျင့်ပေးကြပါတယ်။

သမရိုးကျစဥ်းစားမှုဘောင်ကို ကျော်လွန်ပြီးဖောက်ထွက်စဥ်းစားတတ်အောင်ကျောင်းသားများကို စဥ်းစားရတဲ့ လုပ်ငန်းများဖန်တီးပေးရန်မှာလိုအပ်ချက်ဖြစ်ပါတယ်။ အဲဒီစဥ်းစားမှုကိုအားပေးတဲ့လုပ်ငန်းများက ကြုံလာတဲ့ စိန်ခေါ်မှုများကိုမတူတဲ့ရှုထောင့်မှမြင်လာစေပြီး ဆန်းသစ်တဲ့‌ဖြေရှင်းမှုကိုဖော်ထုတ်လာနိုင်စေပါတယ်။

သမရိုးကျစဥ်းစားမှုဘောင်ကို ကျော်လွန်ပြီးဖောက်ထွက်စဥ်းစားတတ်အောင် လေ့ကျင့်ပေးနိုင်တဲ့နည်းလမ်း (၉) မျိုး ကိုအာက်ဘက်မှာဆွေးနွေးတင်ပြထားပါတယ်။

၁။ ဥာဏ်ဖွင့်ဆွေးနွေးနည်းပြုလုပ်ပေးခြင်း

ဥာဏ်ဖွင့်ဆွေးနွေးစေတဲ့နည်းကကျောင်းသားများတွင် သမရိုးကျစဥ်းစားမှုဘောင်ကို ကျော်လွန်ပြီးဖောက်ထွက် စဥ်းစားတတ်လာအောင် လေ့ကျင့်ပေးရာမှာ အလွန်အားကောင်းတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကျောင်းသား တွေ စုစည်းပြီး ဖြစ်နေတဲ့ပြဿနာအတွက် ဖြေရှင်းနိုင်ရန်စိတ်ကူးအမျိုးမျိုးထုတ်ခြင်းပြုလုပ်ရန် အားပေးရပါ မည်။ ထိုသို့စိတ်ကူးအမျိုးမျိုးထုတ်နေတဲ့အချိန်မှာ ချက်ခြင်း ဝေဖန်ဆုံးဖြတ်တာမျိုးမပြုလုပ်ဘဲ စိတ်ကူးအမျိုး မျိုး ထွက်လာအောင် အားပေးရန် လိုအပ်ပါတယ်။ အဲဒီအဆင့်မှာ လွတ်လပ်စွာစဥ်းစားမှုကိုဖွင့်ပေးတဲ့အဆင့် ဖြစ်ပါတယ်။ မတူကွဲပြားတဲ့ရှုထောင့်အမြင်အမျိုးမျိုးစဥ်းစားဖော်ထုတ်နိုင်အောင်၊ ထွက်လာအောင်အားပေး တဲ့အဆင့် ဖြစ်ပါတယ်။
ဥပမာအားဖြင့် ရိုးရှင်းတဲ့ပစ္စည်းလေးတစ်ခု ဖြစ်တဲ့ ဘိနပ်ထည့်တဲ့စက္ကူဘူးခွံ၊ ပစ္စည့်ထည့်တဲ့စက္ကူဘူးခွံစတာ မျိုးတွေကို အမျိုးမျိုးဘယ်လိုသုံးနိုင်ကြောင်းကျောင်းသားများကို သမရိုးကျမူဘောင်တွေကိုဖောက်ထွက် ကျော် လွန်ပြီးစဥ်းစားခိုင်းနိုင်ပါတယ်။ အဲဒီလိုလေ့ကျင့်ပေးတဲ့လုပ်ငန်းကြောင့် ကျောင်းသားတွေမှာ အချင်းချင်း အမျိုး မျိုးပူပေါင်းလုပ်ကိုင်တတ်တဲ့ကျွမ်းကျင်မှုတွေတိုးလာစေသလို၊ သမရိုးကျမဟုတ်တဲ့စဥ်းစားနည်းများ ကိုလည်း ဖော်ထုတ်နိုင်လာစေရန်အားပေးပါတယ်။ ဒါကြောင့် ဥာဏ်ဖွင့်ဆွေးနွေးစေတဲ့နည်းလမ်းဟာ ဆန်းသစ်တဲ့စဥ်းစား မှုများဖြစ်လာအောင်အားပေးတဲ့နည်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။

၂။ ပုံတစ်ပုံပေးပြီးထိုပုံနှင့်ဆက်စပ်တဲ့ပုံပြင်တစ်ခု‌ပြောစေတဲ့နည်း။

ပုံတစ်ပုံပေးပြီးထိုပုံနှင့်ဆက်စပ်တဲ့ပုံပြင်တစ်ခု‌ပြောစေတဲ့နည်းကလည်းကျောင်းသားများတွင်ဆန်းသစ်တဲ့စဥ်းစားမှုများဖြစ်လာအောင်အားပေးတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကျောင်းသားများကို ပုံတစ်ခုပေးပြီး ပုံကိုအခြေခံ လျက်ပုံပြင်တစ်ခုရေးရန်ကျောင်းသားများကိုတိုက်တွန်းပါ။ စဥ်းစားတဲ့အခါ သမရိုးကျစဥ်းစားမှုဘောင်ကို ကျော် လွန်ပြီးဆန်းသစ်တဲ့စိတ်ကူးဖြင့် စဥ်းစားရန် တိုက်တွန်းအားပေးပါ။ ဒီလိုလေ့ကျင့်ပေးမှုက မြင်နေတဲ့ပုံကိုကြည့် ပြီး ဆန်းသစ်တဲ့ပုံပြင်တစ်ခုထွက်လာအောင်အားပေးပါတယ်။

ဒီလေ့ကျင့်မှုက ကျောင်းသားတွေမှာ စဥ်းစားချက်များတစ်ခုနှင့်တစ်ခုဆက်စပ်မှုရှိအောင်နှင့် အမြင်ပုံအပေါ် ဆန်းသစ်တဲ့စဥ်းစားမှုများဖော်ထုတ်လာရန်အားပေးပါတယ်။ သုံးတဲ့ပုံတွေမှာ ကျောင်းသင်ဘာသာရပ်များ အလိုက် အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အရေးကြီးတာကတော့ သင်ရိုးမှာပါဝင်တဲ့ဘာသာရပ်နယ်ပယ်များနှင့် ဆက်စပ်နေတဲ့ပုံမျိုးဖြစ်ရန် လိုအပ်ပါတယ်။

၃။ ပုံစံချထားတဲ့စဥ်းစားမှုတဲ့အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ပေးခြင်း။

ပုံစံချထားတဲ့စဥ်းစားမှုတဲ့အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ပေးခြင်းဆိုတာ ပြဿနာများကိုလက်တွေ့ကျစွာစဥ်းစား အဖြေရှာစေတဲ့နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ လက်တွေ့ဘဝမှာတွေ့နေရတဲ့ပြဿနာကိုရှာပြီး ထိုပြဿနာ ကိုဖြေရှင်းရန် သမရိုးကျမဟုတ်တဲ့စဥ်းစားမှုဖြင့် ဆန်းသစ်စွာစဥ်းစားအဖြေဖော်ထုတ်ရန်တိုက်တွန်း အားပေး တဲ့နည်းပင်ဖြစ်ပါတယ်။ စဥ်းစားတဲ့အခါ လိုက်နာရမဲ့ဖြစ်စဥ်ကိုတော့ လိုက်နာဖို့ပေးထားပါတယ်။ ကျောင်းသား တွေဟာအဖွဲ့လိုက်အတူတူအလုပ်လုပ်ကြရပါတယ်။ ပြဿနာကိုဖော်ထုတ်ရပါတယ်။ ‌ဖြေရှင်းနိုင်မဲ့စိတ်ကူးတွေ အမျိုးမျိုးဖော်ထုတ်ရပါတယ်။ ဖြေရှင်းနိုင်မဲ့စိတ်ကူးရှေ့ပြေးပုံစံကို ထုတ်ပြီး ထိုစိတ်ကူးကိုစစ်ဆေးကြရပါတယ်။

ဖော်ပြပါလက်တွေ့လုပ်ဆောင်စေတဲ့လုပ်ငန်းကြောင့် ကျောင်းသားများမှာ လက်တွေ့ကြုံနေတဲ့ပြဿနာကို ဆန်း သစ်တီထွင်တဲ့ဖြေရှင်းနိုင်တဲ့စိတ်ကူးများကိုဖော်ထုတ်နိုင်စေပါတယ်။ စိတ်ကူးတွေဖော်ထုတ်တဲ့အခါ ရှုထောင့်အ မျိုးမျိုးမှစဥ်းစားပါတယ်။ စိတ်ကူးတွေဖော်ထုတ်တဲ့အခါ ဆန်းသစ်စွာပြဿနာကိုဖြေရှင်နိုင်စေရန်ဆိုတဲ့စိတ်ကို မွေးရပါတယ်။

၄။ အဖွဲ့လိုက်ပုံဆွဲစေတဲ့နည်း

အဖွဲ့လိုက်ပုံဆွဲစေတဲ့နည်းကလည်းကျောင်းသားများကို သမရိုးကျစဥ်းစားမှုဘောင်ကိုကျော်ပြီးဆန်းသစ်စွာစဥ်း စား လာအောင်အားပေးတဲ့နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ ကျောင်းသားတွေဟာ အဝိုင်ပုံထိုင်ကြရပါတယ်။ ပုံရေးဆွဲနိုင်ရန်စာရွက်ကြီး၊ ခဲတံ၊စုတ်တံစတဲ့ပုံဆွဲရာမှာသုံးတဲ့ပစ္စည်းတွေလည်းပေးထားပါတယ်။ အဖွဲ့ထဲမှ ကျောင်းသားတစ်ယောက်က စာရွက်ပေါ်မှာ ရိုးရှင်းတဲ့မျဥ်းကြောင်း သို့မဟုတ် ပုံတစ်ခုကိုဆွဲလိုက်ပါတယ်။ ကျန်ကျောင်းသားများက ပထမကျောင်းသားစတင်ရေးဆွဲလိုက်တဲ့ပုံကို ဆက်လက်ရေးဆွဲကြပါတယ်။ ရေး ဆွဲတဲ့အခါမှာ ပထမကျောင်းသားပုံကဦးတည်ထားချက်ကို လိုက်နာရေးဆွဲရပါတယ်။

အခုလိုစုပေါင်းပြီးဆန်းသစ်စွာရေးဆွဲခြင်းကြောင့် နောက်တစ်ယောက်ကဆက်လက်ရေးဆွဲတဲ့အခါ ပထမရေး ဆွဲထားတာကို မမျှော်လင့်ထားတဲ့အနေအထားမျိုးဖြင့် ပြောင်းလဲသွားစေတတ်ပါတယ်။ အဖွဲ့လိုက်ပုံရေးဆွဲတဲ့ အလုပ်က ကျောင်းသားများတွင်အဖွဲ့လိုက်ပူးပေါင်း လုပ်ဆောင်တဲ့ကျွမ်းကျင်မှုများတိုးတက်စေတဲ့အပြင်၊ အမြင် အာရုံနှင့် ပူပေါင်းဖော်ပြချက်အပေါ်မူတည်လျက်ဆန်းသစ်တဲ့စိတ်ကူးများကို ဖော်ထုတ်နိုင်စေပါတယ်။

၅။ ပြဿနာဖြေရှင်းတဲ့ကစားနည်းကစားခြင်း

ပြဿနာဖြေရှင်းတဲ့ကစားနည်းကစားခြင်းကလည်းကျောင်းသားများတွင် သမရိုးကျစဥ်းစားတဲ့ဘောင်ကိုကျော် လွန် ပြီး ဆန်းသစ်စွာစဥ်းစားတတ်လာအောင်အားပေးတဲ့နည်းကောင်းတစ်ခုဖြစ်ပါတယ်။ ဥာဏ်စမ်းပဟေဠိ ကစား နည်း၊ လွတ်မြောက်တဲ့အခန်းရှာကစားနည်းနှင့် နည်းဗျူးဟာကျကျစဥ်းစားမှုကိုသုံးရတဲ့ ဘုတ်ဂိမ်းကစား ခြင်း တို့မှာ သမရိုးကျမဟုတ်တဲ့အဖြများကိုရှာစေရန် အားပေးတဲ့ကစားနည်းများဖြစ်ပါတယ်။ အဲဒီကစားနည်း တွေမှာ ဝေဖန်ပိုင်းခြားစဥ်းစားနည်း၊ ဆန်းသစ်တီထွင်စဥ်းစားနည်းနှင့် ပူးပေါင်း လုပ်ဆောင်နိုင်စွမ်းများလိုအပ် တဲ့ ကစားနည်းများဖြစ်ပါတယ်။

ဒီကစားနည်းများကို အသုံးပြုတဲ့ကျောင်းသားတွေဟာ ပြဿနာကိုဖြေရှင်းရန်အားထုတ်တဲ့အခါ မတူတဲ့အမြင်ရှု ထောင့်များ မှကြည့်လာတတ်ခြင်း၊ ဆန်းသစ်တဲ့နည်းဗျူဟာများဖော်ထုတ်စဥ်းစားခြင်းများပြုလုပ်တတ် လာကြ ပါတယ်။ ဒီနည်းလမ်းများက ပျော်စရာကောင်းသလို ကျောင်းသားတွေမှာလည်း ပြဿနာကိုသမရိုးကျမဟုတ် တဲ့ဆန်းသစ်တဲ့စိတ်ကူးများဖြင့် ‌ဖြေရှင်နိုင်စွမ်းများတိုးတက်လာစေပါတယ်။ အဲဒီလိုစိတ်ကူးစဥ်းစားတတ်တဲ့ ကျောင်း သားတွေဟာ ဘဝမှာကြုံလာမဲ့ပြဿနာများကိုလည်းဆန်းသစ်တဲ့အမြင်ရှုထောင့်ဖြင့် မြင်နိုင်ဖြေရှင်းနိုင် လာကြမှာဖြစ်ပါတယ်။

၆။ ပြောင်းပြန်စဥ်းစားတတ်အောင်လေ့ကျင့်ပါ။

ပြောင်းပြန်စဥ်းစားတတ်အောင်လေ့ကျင့်မှုမှာ သမရိုးကျမဟုတ်ဘဲ ဆန်းသစ်စွာစဥ်းစားတတ်အောင် လေ့ကျင့် ပေးရာမှာ အားကောင်းတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းအရကျောင်းသားတွေဟာကြုံလာတဲ့ပြဿနာကို မတူ တဲ့ရှု့ထောင့်မှကြည့်ရပါတယ်။ ဥပမာ လုပ်ငန်းစဥ်ကို ပိုအားအောင်ဘယ်လိုလုပ်မလဲလိ့မေးမည့်အစား လုပ် ငန်းစဥ် ပိုဆိုးအောင်၊ ပိုခက်ခဲအောင် ဘာလုပ်မလဲဆိုတဲ့မေးခွန်မျိုးမေးစေပါတယ်။အဲဒီလိုပြောင်းပြန်စဥ်းစားတဲ့ နည်း လမ်း ကလည်း မမြင်သာအောင်ဖုံးကွယ်နေတဲ့အပိုင်းများကိုတွေ့မြင်လာစေပြီး ဆန်းသစ်တဲ့ဖြေရှင်းမှု ကိုဖော် ထုတ်လာနိုင်စေပါတယ်။

ပြောင်းပြန်စဥ်းစားတဲ့အခါ ကျောင်းသားများအနေဖြင်သမရိုးကျစဥ်းစားတဲ့လမ်းကြောင်း မှခွဲထွက်နိုင်စေပါ တယ်။ ပြီးတော့ စိတ်ကူးအသစ်အဆန်းများဖော်ထုတ်နိုင်စေပြီး ပြဿနာ‌ဖြေရှင်းမှုဆိုင်ရာကျွမ်းကျင် မှုများ တိုးတက်လာစေပါတယ်။ ဒါကြောင့် ပြောင်းပြန်စဥ်းစားတဲ့နည်းလမ်းကလည်း သမရိုးကျမဟုတ်တဲ့ ဆန်းသစ် တဲ့စိတ်ကူးများထွက်လာစေရန် ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။

၇။ အဖွင့်မေးခွန်းများမေးပေးတဲ့နည်းလမ်း

အဖွင့်မေးခွန်းများမေးပေးတဲ့နည်းလမ်းကလည်းလွယ်ကူပြီးကျောင်းသားတွေမှဆန်းသစ်တဲ့သမရိုကျမဟုတ်တဲ့ စိတ်ကူးတွေရရှိစေတဲ့ထိရောက်တဲ့နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ “ဘယ်လို”၊ “ဘာကြောင့်” သို့မဟုတ် “ဘာ” ဆိုတဲ့ စကားတွေနဲ့စတဲ့မေးခွန်းတွေမေးပေးခြင်းဖြင့် ကျောင်းသားများအား သူတို့ရဲ့အတွေးစဥ်းစားမှုတွေကို ပိုနက်နဲ နက်ရှိုင်းစွာ စူးစမ်းဖော်ထုတ်လာအောင်အားပေးပါတယ်။

ဥပမာ “ဒီလုပ်ငန်းလုပ်ရတာ ဘာကိုသဘောအကျဆုံးလဲ” လို့မေးတဲ့အခါ “ဒီအလုပ်ကို သဘောကျပါသလား” လို့မေး လိုက်တာထက် ကျောင်းသားအနေဖြင့် ပိုကျယ်ကျယ်ပြန့်ပြန်စဥ်းစားလာစေပါတယ်။ ဒီလိုမေးခွန်းမေး တဲ့နည်းက ကျောင်းသားတွေသူတို့စိတ်ကူးတွေကို ဖန်တီးဖို့၊ ဖော်ထုတ်ဖို့ နှင့် ဝေဖန်ပိုင်ခြားစဥ်းစားဖို့တို့အတွက် အားပေးပါတယ်။ အဖွင့်မေးခွန်းတွေက ကျောင်းသားများမှာစူးစမ်းလိုတဲ့စိတ်၊ နှင့် ဆန်းသစ်တဲ့စိတ်ကူးတွေ ကွန့် မြူးပေါ် ထွက်လာစေပါတယ်။

၈။ သဘာဝပတ်ဝန်းကျင်မှာကစားခွင့်ပေးတဲ့နည်းလမ်း

သဘာဝပတ်ဝန်းကျင်မှာကစားခွင့်ပေးတဲ့နည်းလမ်းကလည်းကျောင်းသားတွေမှာသမရိုးကျဘောင်ကိုလွန်ပြီး ဆန်းသစ်တဲ့စိတ်ကူးတွေပေါ်ထွက်စေတဲ့နည်းလမ်းကောင်းတစ်ခုပင်ဖြစ်ပါတယ်။ သဘာဝတပတ်ဝန်းကျင်နှင့်ထိ တွေ့ ရတဲ့အခါ ကျောင်းသားများစိတ်မှာရွှင်လန်းတက်ကြွလာပြီး ဆန်းသစ်တဲ့စိတ်ကူးတွေအမျိုးမျိုးပေါ်ထွက် လာစေ ပါတယ်။ ဥပမာကြွေကျသစ်ရွက်များစုဆောင်းခြင်း၊ တုတ်ချောင်းငယ်များစုဆောင်းနည်း၊ ကျောက်တုံး ငယ်လေး များ ကောက်ယူစုဆောင်းတဲ့နည်း ဖြင့် စိတ်ကူးစဥ်းစားဖော်ထုတ်တဲ့ပုံတစ်ခုခုဖန်တီးတည်ဆောက်တဲ့ ကစားနည်း မျိုး ကစားပေးနိုင်ပါတယ်။ ဒီကစားနည်းကကျောင်းသားတွေမှာ စိတ်ကူးဖြင့် အမျိုးမျိုးပုံဖော်နိုင်စွမ်း ကိုတိုးတက် လာစေပါတယ်။

သဘာဝက ကျောင်းသားတွေမှာ သူတို့မှာရှိတဲ့အာရုံခံများကို အသုံးချဖြစ်စေပါတယ်။ ပတ်ဝန်းကျင်လောကမှာ တွေ့မြင်ကြားထိတွေ့နေတာကို စိတ်ဝင်စားလာစေပါတယ်။ အဲဒီမှတစ်ဆင့်ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းလည်း တိုးတက်လာစေပါတယ်။ ဘယ်လိုကစားမယ်ဆိုတာမျိုးသတ်မှတ်မထားဘဲ လက်တွေ့လုပ်ကိုင်ကစားခြင်းဖြင့် ကျောင်းသားများတွင် ပြဿနာ‌ဖြေရှင်းနိုင်စွမ်းတိုးတက်စေပြီး ပတ်ဝန်းကျင်ကို သူတို့ရဲ့ ထူးခြားတဲ့ရှု့ထောင့် အမြင်မှမြင်လာစေနိုင်ပါတယ်။

၉။ ဆန်းသစ်တီထွင်လိုစိတ်ကို အားပေးလှုံ့ဆော်ပါ။

ဆန်းသစ်တီထွင်လိုစိတ်ကို အားပေးလှုံ့ဆော်ြခင်းမှာ သမရီုးကျမဟုတ်တဲ့ဆန်းသစ်တဲ့စိတ်ကူးတွေတိုးတက်ရေး အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဆန်းသစ်တဲ့ပုံစံဖြင့် ဖော်ထုတ်ခွင့်ပေးခြင်း၊ ဥပမာ စုတဲ့လုပ်ငန်းတွေက အနု ပညာလက်ရာပြသခွင့်ပေးခြင်း၊ ပုံပြင်အဖြစ်ဖန်တီးပြောပြစေခြင်း၊ တေးသီချင်းအကဖြင့်ဖော်ပြစေခြင်း၊ကျောင်း သားတွေမှာစိတ်ကူးဆန်းအမျိုးမျိုးဖော်ထုတ်လာရန်အားပေးပါတယ်။ ပတ်ဝန်းကျင်မှာတွေ့တဲ့ပစ္စည်းအမျိုးမျိုး သုံးပြီး စိတ်ကူးသစ်စိတ်ကူးဆန်းများကို လက်တွေ့လုပ်ဆောင်ပြစေခြင်းမှာအရေးကြီးပါတယ်။ အဲဒီလိုထုတ် ဖောပြတဲ့အခါ ကျရှုံးမှာ ကြောက်မနေဘဲ စိတ်ကူးရှိတဲ့အတိုင်းထုတ်ဖော်ခွင့်ပေးခြင်းမှာဆန်းသစ်တဲ့စိတ်ကူး မျိုးတိုးတက်ရေးအတွက်များစွာအထောက်အကူပြုပါတယ်။

ကျောင်းသားများအားဖော်ပြတဲ့နည်းဖြင့် ပတ်ဝန်းကျင်မှာရှိတာတွေကိုသုံးပြီးအနုလက်ရာများဖော်ထုတ်ခိုင်းပြီး ဖော်ထုတ်ထားတာတွေကိုအချင်းချင်း ပြန်လည်တင်ပြမျှဝေခိုင်းပါက ဆန်းသစ်စိတ်ကူးများကို ပိုတိုးတက်အောင် အားပေးပါတယ်။ ဆန်းသစ်တီထွင်မှုကိုအားပေးတဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးခြင်းဖြင့် ကျောင်းသားများတွင် သမရိုးကျစဥ်းစားတဲ့ဘောင်တွေကိုလွန်ပြီးဆန်းသစ်တဲ့စိတ်ကူးများပေါ်ထွက်လာအောင်အားပေးနိုင်ပါတယ်။

ဆရာမိဘများကလေးများတွင်ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းတိုးတက်အောင် ဖော်ပြခဲ့တဲ့နည်းများကိုသုံးပြီး လေ့ကျင့်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...