Monday, February 3, 2025

မိမိစိတ်ကိုပြန်လည်စစ်ဆေးပါ Food for Thought 881 ဒေါက်တာသိန်းလွင်

 May be a graphic of text

ဒီနေ့ မိမိစိတ်ကိုပြန်လည်စစ်ဆေးပါဆိုတာကို Food for Thought 881 အဖြစ်မျှဝေလိုက်ပါတယ်။

မိမိစိတ်ကိုစစ်ဆေးပါ။

လူတွေဟာနေ့စဥ်မနက်လင်းလို့မျက်နှာသစ်တဲ့အခါ မျက်နှာကို မှန်မှာကြည့်ကြပါတယ်။ မျက်နှာမှာအညစ် အကျေးပေနေတာရှိမရှိစစ်ဆေးတာဖြစ်ပါတယ်။ မျက်နှာမှာ မသန့်ရှင်းတာမျိုးတွေ့ရရင်သန့်ရှင်းအောင် ပြု လုပ်တတ်ကြပါတယ်။ မျက်နှာသန့်ရှင်းအောင်လုပ်တာကလည်း တကိုယ်ရည် သန့်ရှင်းရေးနဲ့ဆိုင်တဲ့အတွက် ကောင်းပါတယ်။

မျက်နှာလှပသန့်ရှင်းအောင်နေ့စဥ်ပြုလုပ်သလိုစိတ်ကိုသန့်ရှင်းလှပအောင် နေ့စဥ်ပြုလုပ်ရန် လည်းလိုအပ်ပါ တယ်။ စိတ်ကိုသန့်ရှင်းစင်ကြယ်မှုရှိမရှိ ကိုယ် တိုင်ပြန်လည်စစ်ဆေးတဲ့အခါမှာ စစ်မေးရန်နယ်ပယ် (၁၀) ခုရှိပါ တယ်။ အဲဒီနယ်ပယ် (၁၀)ခုတို့မှာအောက်ပါတို့ဖြစ်ပါတယ်။ နယ်ပယ်တိုင်းမှာ အကောင်းအဆိုးနှစ်မျိုးလုံး ကို စီစစ်ရန် လိုအပ်ပါတယ်။

၁။ မိမိမှာဝိသမလောဘခေါ်တဲ့အလွန်မကောင်းတဲ့လောဘတွေများနေပါသလား။ သူတစ်ပါးပိုင်ဆိုင်တာတွေကို မတရားလိုချင်တဲ့စိတ်တွေဖြစ်နေပါလား။ သူတစ်ပါးဆင်းရဲသွားအောင် လုပ်နေပါသလား။ ဒါမှမဟုတ် အဲဒီလို ဝိ သမလောဘတွေမရှိဘဲကင်းနေပါသလား။ မိမိကိုယ်မိမိပြန်လည်မေးမြန်းစစ်ဆေးရန် လိုအပ်ပါတယ်။

၂။ မိမိမှာဒေါသကြီးပြီးဖျက်စီးတတ်တဲ့ဒေါ်သစိတ်တွေများနေပါသလား။ ထစ်ခနဲဆိုစိတ်တိုပြီးအော်လိုက်ဟောက် လိုက် ဖြစ်နေပါသလား။ အကြောင်းအမျိုးမျိုးကြောင့် စိတ်ပူပင်မှုတွေများနေပါသလား။ စိတ်ပျက်တာတွေများ နေပါသလား။ သို့မဟုတ် စိတ်အေးပြီးစိတ်ပူပန်မှု။ စိတ်ပျက်မှုကင်းနေပါသလား။ဘယ်လိုစိတ်အနေအထား ဖြစ် မှုတွေများနေပါသလဲ။ မိမိစိတ်ကို သေချာပြန်လည်စစ်ဆေးရန်လိုအပ်ပါတယ်။

၃။ မိမိမှာ ထိုင်းမှိုင်းပျင်းရိတဲ့စိတ်တွေဖြစ်နေပါသလား။ အိပ်ချင်ငိုက်မြည်းတဲ့အချိန်တွေမျာနေပါသလား။ ဘဝမှာ အလုပ်လုပ်ချင်တဲ့စိတ်မရှိဘဲ ဘဝမြုံနေတဲ့အချိန်တွေများနေပါသလား။ အဲဒီလိုဖြစ်နေတဲ့စိတ်အနေအထားက အ မှန် တရားကိုမမြင်နိုင်အောင်တားဆီးဟန့်တားပိတ်ပင်နေပါသလား။ သို့မဟုတ်စိတ်ကထိုင်းမှိုင်းခြင်းမရှိ တက်ကြွ စွာ လုပ်ကိုင်နိုင်တဲ့စိတ်ဖြစ်နေပါသလား။ မိမိစိတ်ကိုသေချာစစ်ဆေးရန် လိုအပ်ပါတယ်။

၄။ တောင်တွေး၊ မြောက်တွေးနဲ့စိတ်တွေအလွန်ပျံ့လွင့်နေပါသလား။ စိတ်ကိုစုစည်းလုပ်ကိုင်နိုင်ပါသလား။ ဖြစ်ပြီးသားတွေ။ မဖြစ်သေးတာတွေကို ဟိုတွေးဒီတွေးပြီး စိတ်တွေအလွန်ပျံ့လွင့်နေပါသလား။ ပြာပုံထဲခဲ ပစ်လိုက်တဲ့အခါ ပြာတွေအများကြီးလွင့် တက်လာသလိုစိတ်တွေပျံ့လွင့်နေပါသလား။ ဒါမှမဟုတ် စိတ်က တည်ငြိမ်အောင်စုစည်းထိန်းသိမ်းအလုပ်လုပ်နိုင်ပါသလား။ ပျံ့လွင့်နေတဲ့အချိန်တွေများနေပါသလား။ မပျံ့လွင့် ဘဲ တည်ငြိမ်နေတဲ့အချိန်တွေများပါသလား။ မိမိစိတ်ကိုသေချာစစ်ဆေးရန် လိုအပ်ပါတယ်။

၅။ ရတနာ မြတ် (၃)ပါးနှင့်ပတ်သက်ပြီးယုံမှားသံသယစိတ်တွေဖြစ်နေပါသလား။ သို့မဟုတ် ရတနာမြတ် (၃) ပါးအပေါ် ယုံမှားသံသယ ကင်းစွာသက်ဝင်ယုံကြည်မှုရှိပါသလား။ သူတော်ကောင်းတရားနှင့် ပတ်သက်လာရင် ယုံမှားသံသယတွေဖြစ်နေပါသလား။ ဟိုလိုလိုဒီလိုလို တွေးပြီးဆုံးဖြတ်ရခက်နေတဲ့လမ်းနှစ်ခွရောက်နေတတ် ပါသလား။ သို့မဟုတ် မှန်ကန်စွာစိတ်ထားပြီးမှန်ကန်စွာစဥ်းစားနိုင်ပါသလား။ မိမိစိတ်ကိုသေချာစစ်ဆေးရန် လိုအပ်ပါတယ်။

၆။ အမျက်တွေလွှမ်းမိုးနေပါသလား။ စိတ်တိုင်းမကျမှုအမျက်အသေးစားလေးတွေများနေပါသလား။ အမျက် ဒေါသကင်းနေပါသလား။ သို့မဟုတ် အမျက်ဒေါသအသေးစားမျိုးတွေကင်းနေပါသလား။ စိတ်ထဲမှာမျက်တက် မျက်တက် ဖြစ်နေတဲ့စိတ်တွေများနေသလား၊ သို့မဟုတ် စိတ်မှာ အမျက်ကင်းစင်နေပါသလား။ မိမိစိတ်ကိုသေ ချာစစ်ဆေးရန် လိုအပ်ပါတယ်။

၇။ ညစ်နွမ်းတဲ့စိတ်တွေအဖြစ်များနေသလား။ သို့မဟုတ် စိတ်ကကြည်လင်သန့်ရှင်းနေတဲ့စိတ်အဖြစ်များ ပါသ လား။ စိတ်အလိုမကျမှုတွေကြောင့် စိတ်ညစ်နေရတာများပါသလား။ သို့မဟုတ် စိတ်က သန့်ရှင်းစင်ကြယ်နေမှု အဖြစ် များပါသလား။ မိမိစိတ်ကိုသေချာစစ်ဆေးရန် လိုအပ်ပါတယ်။

၈။ ပင်ပန်းနွမ်းနယ်တဲ့ကိုယ်စိတ်တွေအဖြစ်များပါသလား။ သို့မဟုတ် စိတ်ရောကိုယ်ပါ သက်သက်သာသာရှိမှု များပါသလား။ “စိတ်ထောင်းလိုကိုယ်ကျေ၊ စိတ်ပျိုတော့ ကိုယ်နု”ဆိုတဲ့စကားအတိုင်း မိမိစိတ်မှာ ဘယ်လိုအ‌ခြေ အနေအဖြစ်များနေပါသလဲ။ ကိုယ်ရောစိတ်ပါအေးချမ်းနေတဲ့အချိန်နဲ့ နဖူးကြောတွေတင်း၊ မေးကြောတွေ တင်း နေတဲ့အချိန် ဘယ်အချိန်မျိုးကများနေပါသလဲ။ ဖောင်တိန်လေးတစ်ချောင်းကိုင်ပြီး ဇောခြွေးတွေပျံနေ တတ်ပါ သလား။ မိမိစိတ်ကိုသေချာစစ်ဆေးရန် လိုအပ်ပါတယ်။

၉။ ကောင်းတာဖြစ်ဖို့ဝိရိယစိုက်ပြီးကြိုးစားအားထုတ်တာနဲ့ မကြိုးစားဘဲ နေတာ ဘယ်လိုနေတာများနေပါသလဲ။ ကောင်းတာဖြစ်ဖို့ ထက်သန်တဲ့လုံးလဝိရိယနှင့်နေတာများပါသလား။ သို့မဟုတ် ဝိရိယမစိုက်ထုတ်ဘဲ ပျင်းရိမှုနဲ့ နေတာများနေပါသလား။ မိမိစိတ်ကိုသေချာစစ်ဆေးရန် လိုအပ်ပါတယ်။
၁၀။တည်ကြည်တဲ့စိတ်နဲ့အနေများပါသလား။ သို့မဟုတ်မတည်ကြည်တဲ့စိတ်နှင်အနေများပါသလား။ တွေ့သမျှ အာရုံတွေနောက်တကောက်ကောက်လိုက်နေပါသလား။ သို့မဟုတ် မိမိရဲ့စိတ်ကို တည်ငြိမ်စွာထားပြီး မိမိမှာဖြစ် ပျက်နေမှုအစဥ်ကို တည်ကြည်တဲ့စိတ်ဖြင့် မှတ်နေပါသလား။ မိမိစိတ်ကိုသေချာစစ်ဆေးရန် လိုအပ်ပါတယ်။

အထက်ပါအတိုင်းမိမိစိတ်ကို အစဥ်မပြတ်စစ်ဆးကြည့်နေရန် လိုအပ်ပါတယ်။ မနက်လင်းတိုင်းမိမိရုပ်ကိုမှန်မှာ ကြည့်စစ်ဆေးသလို စိတ်ကိုလည်း အချိန်ယူပြီးစစ်ဆေးကြည့်ရန် လိုအပ်ပါတယ်။ စစ်ဆေးကြည့် လိုက်လို့ မ ကောင်းတဲ့အနှုတ်လက္ခဏာတွေများနေရင် စိတ်ကိုပြုပြင်ရပါမယ်။ စစ်ဆေးကြည့် လိုက်လို့ အပေါင်းလက္ခဏာ ဆောင်တဲ့အပိုင်းတွေများနေရင် ထိုအပေါင်းလက္ခဏာဆောင်တာတွေပိုများလာအောင်ပွားများအား ထုတ်ရပါ မယ်။

ကောင်းတဲ့စိတ်တွေပွားများလာအောင်အားထုတ်ရာမှာဖြစ်စေ၊ မကောင်းတဲ့စိတ်တွေကင်းအောင်အားထုတ်ရာမှာ ဖြစ်စေ အောက်ပါအဆင့် (၄)ဆင့်ဖြင့် ကိုက်ညီစွာ အားထုတ်ရန် လိုအပ်ပါတယ်။

၁။ ဆန္ဒရှိရပါမယ်။ ကောင်းတာတွေပွားများချင်စိတ်။ မကောင်းတာတွေဖယ်ရှင်းချင်တဲ့စိတ်ဆန္ဒရှိရပါမယ်။

၂။ ကြိုးစားအားထုတ်မှုရှိရပါမယ်။ ရှိတဲ့ဆန္ဒနှင့် ကိုက်ညီတဲ့ကြိုးစားအားထုတ်မှုရှိရပါမယ်။

၃။ ကြိုးစားအားထုတ်မှုကလည်း ထက်သန်တဲ့ကြိုးစားအားထုတ်မှုရှိရပါမယ်။

၄။ ရည်မှန်းထားတာဖြစ်အောင်မဆုတ်မနစ်တဲ့စိတ်လည်းရှိရန် လိုအပ်ပါတယ်။

မိတ်ဆွေများ မိမိစိတ်ကိုပြန်လည်စစ်ဆေးပြီး မကောင်းမှုတွေရှောင်ပြီးကောင်းမှုတွေပွားအောင်ဆောင်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...