Monday, February 3, 2025

ကမ္ဘာ့အကောင်းဆုံးပညာရေးစနစ်များမှာတွေ့ရတဲ့လက္ခဏာများ Food for Thought 883 ဒေါက်တာသိန်းလွင်

 

May be a graphic of text 

 

ဒီနေ့” ကမ္ဘာ့အကောင်းဆုံးပညာရေးစနစ်များမှာတွေ့ရတဲ့လက္ခဏာများ” အကြောင်းကိုနမူနာယူနိုင်စေရန် Food for Thought 883 အဖြစ်မျှဝေလိုက်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးပညာရေးစနစ်များမှာတွေ့ရတဲ့လက္ခဏာများ

နိုင်ငံတစ်နိုင်ငံရဲ့တိုးတက်မှုဟာ ပညာရေးစနစ်ကောင်းဖို့ကအလွန်အရေးကြီးလှပါတယ်။ ပညာရေးစနစ်ကောင်း ရင် စဥ်းစားတွေးခေါ်မှုမှာ အခြေအနေအမျိုးမျိုးတွင်ဖောက်ထွင်းစဥ်းစားနိုင်စွမ်းရှိသူများ၊ တတ်သိကျွမ်းကျင် မှုရှိသူများ၊ တာဝန်သိတတ်ပြီး ကိုယ်ကျင့်တရားမြင့်မားသူများ၊ မိမိအပါအဝင်လူသားများအကျိုးကိုသယ်ပိုး ဆောင် ရွက်လိုစိတ်အားကောင်းသူများကိုမွေးထုတ်ပေးနိုင်စေပါတယ်။ ဒါကြောင့် ပညာရေးကိုကောင်း အောင် ပြုပြင်တဲ့အခါမှာ ကမ္ဘာမှာထိပ်တန်းကအောင်မြင်နေတဲ့နိုင်ငံတွေမှာ ဘယ်လို စဥ်းစားလုပ်ဆောင်မှုများရှီကြောင်း သိနိုင်စေရန် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။

ကနေဒါနိုင်ငံ၊ ဖင်လန်နိုင်ငံ နှင့် ဟောင်ကောင် နိုင်ငံတို့မှာ ထူးချွန်တဲ့စွမ်းဆောင်မှုများကြောင့် ကမ္ဘာ့ပညာရေး နယ်ပယ်မှာသာမက ပညာရေးနယ်ပယ်မှာ ပြုလုပ်နေတဲ့အပြောင်းအလဲများကြောင့်လည်း ဖြစ်ပါတယ်။ ထို အပြောင်း အလဲများကို အခြားနိုင်ငံများကလည်း အားကျလာကြပါတယ်။

ဖော်ပြပါ နိုင်ငံတွေမှာပညာ‌ေရးနှင့်ပတ်သက်လာရင်အော်မြင်စေတဲ့လျို့ဝှက်ချက်တွေက ဘာတွေပါလဲ။

၂၀၁၁ ခုနှစ်မှာကနေဒါနိုင်ငံက အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှု (၅)ခုပါတဲ့ပညာရေးအစီအစဥ်တစ်ရပ်ကို ချပြခဲ့ပါတယ်။ အဲဒီအပြောင်းအလဲ (၅)ရပ်မှာအောက်ပါတို့ဖြစ်ပါတယ်။

၁။ သင်သူသူများအနေဖြင့် မိမိတို့အစွမ်းဆောင်နိုင်ဆုံးနည်းဖြင့် သင်ယူစေနိုင်ရန်စီစဥ်ပေးမှု၊

၂။ အရည်အသွေးကောင်းတဲ့သင်ကြားရေးနှင့် သင်ယူရေးဖြစ်အောင်စီစဥ်ပေးမှု၊

၃။ ဆရာကျောင်းသားအကောင်းဆုံးရွေးချယ်သင်ကြားသင်ယူနိုင်အောင်စီစဥ်ပေးမှု၊

၄။ မြင့်မားတဲ့အဆင့်စံသတ်မှတ်ပေးမှု နှင့်

၅။ တက်ကနိုလော်ဂျီကိုသုံးပြီး သင်ယူမှုကိုအားကောင်းအောင်ဖန်တီးပေးမှုတို့ဖြစ်ပါတယ်။

အထက်ဖော်ပြပါပြုပြင်ပြောင်းလဲမှု (၅)ရပ်နှင့်အညီ သင်ရိုးညွှန်းတမ်းကိုပြန်လည်ပြုပြင်ဖန်တီးရန် ပြုလုပ်တဲ့ အခါ အထက်ကအမိန့်ပေတဲ့အတိုင်း လိုက်တာမျိုးမဟုတ်ဘဲ တတ်သိကျွမ်းကျင်သူပညာရှင်ဆရာများရဲ့ တတ် သိကျွမ်း ကျင်မှုကို အားထားလုပ်ဆောင်မှာဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သတင်းစကားပါးလိုက်ခြင်း ဖြစ်ပါတယ်။

ဖော်ပြပါပြုပြင်ပောင်းလဲမှုများပြုလုပ်လိုက်တဲ့အချိန်မှစပြီကနေဒါနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာစစ်ဆေးအကဲ ဖြတ်မှုအဆင့်အရ ပညာရေးနယ်ပယ်မှာ ခေါင်းဆောင်နိုင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါတယ်။

ဖင်လန်နိုင်ငံကလည်းပညာရေးနယ်ပယ်တွင် အကောင်းဆုံးလို့အသိအမှတ်အပြုခံရတဲ့နိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ်။ ကနေဒါနှင့်အတူတူ ပညာရေးပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့ပြီး သင်ကြားသင်ယူးရေးအပိုင်းတွေမှာ အကြီး မားဆုံးသော အကျိုးသက်ရောက်မှုများကိုဖြစ်လာစေခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုများကိုပြုလုပ်တဲ့အခါ အ ထောက်အထားခိုင်ခိုင်မာမာတွေ့ရှိထားချက်များကိုအခြေပြုလျက် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ် ပါတယ်။

ဖင်လန်နိုင်ငံမှာတော့ အောက်ပါအပိုင်းတို့တွင်ပြုပင်ပြောင်းလဲမှုများကိုအလေးထားပြုလုပ်ခဲ့ပါတယ်။

၁။ သင်ယူသူများသူတို့အစွမ်းဆောင်နိုင်ဆုံးသင်ယူနိုင်တဲ့နည်းလမ်းဖြင့် သင်ယူနိုင်မှုရှိအောင်စီစဥ်ပေးမှု။

၂။ ကျောင်းတွေအနေဖြင့် ကျောင်းသူကျောင်းသားများနှင့် ဆရာများ ကိုယ်တိုင် လုပ်ပိုင်ခွင့်များပေးမှု၊

၃။ သင်ရိုးညွှန်းတမ်းမှာ မလိုအပ်တာတွေကိုဖယ်ထုတ်ပြီးလိုအပ်တာများ ထည့်ခွင့် ဆရာများအားခွင့်ပေးမှု၊

၄။ ပညာရေးပိုင်းနှင့်အတတ်ပညာပိုင်းတို့တွင် တိုးတက်မှုရှိအောင် ပြုပြင်ပြောင်းလဲနိုင်မှု တို့ဖြစ်ပါတယ်။

ဖော်ပြပါ ပြုပြင်ပြောင်းလဲမှုများအရ ဖင်လန်နိုင်ငံမှာပညာရေ’ဝန်ကြီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ်တွင်သင်ရိုး သစ်ကိုစတင်ဖော်ထုတ်ခဲ့ပါတယ်။ ဦးတည်ထားတာကတော့ သူတို့ကျောင်းစနစ်ဟာလျင်မြန်စွာပြောင်းလဲ နေတဲ့ကမ္ဘာလုံးဆိုင်ရာအပြောင်းအလဲမှာ အရင်ကအတိုင်း ထိပ်ဆုံးအဆင့်ရောက်နေအောင် ဦးတည်ခဲ့ပါတယ်။

သင်ရိုးသစ်မှာ မလိုအပ်တာတွေကို ပယ်ထုတ်ပြီး ကျောင်းသားများကို သင်ပေးရာမှာ “ဘာကိုသင်ပေးမလဲ” ဆိုတာ အစား “ဘယ်လိုသင်ယူမလဲ”ဆိုတာ ကိုအလေးထားပြောင်းလဲခဲ့ပါတယ်။ အဲဒီပြုပြင်ပြောင်းလဲရေး အယူအဆက ပညာရေးအဆင့်မြင့်မားစွာဆောင်ရွက်နေတဲ့စင်ကာပူနိုင်ငံမှာလည်းကျင့် သုံးတဲ့အယူအဆ ဖြစ်ပါတယ်။

စင်ကာပူပညာရေးစနစ်မှာ ဗဟိုချုပ်ကိုင်မှုအလွန်မြင့်မားတဲ့စနစ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက ကျောင်းတွေကို ဘယ်လို လည်ပတ်မယ်ဆိုတာနဲ့ပတ်သက်ပြီး ပြောင်းလဲတဲ့ယဥ်ကျေးမှုကို အကောင်အထည် ဖော်ခဲ့ပါတယ်။ ပြောင်းလဲနေတဲ့အခြေအနေနှင့် လိုက်ဖက်အောင် လိုအပ်သလို ပြုပြင်ယူခြင်းနှင့် ဆန်းသစ်တီ ထွင်ခြင်းတို့ကိုပေါင်းစပ်ကျင့်သုံးခဲ့ပါတယ်။

Brookings Institute ကထောက်ပြခဲ့သလိုပင် ဖေါ်ပြပါနည်းလမ်းဖြင့် ပြုပြင်ပြောင်းလဲမှုများနှင့်ဆန်းသစ်တီထွင် မှုများပို ပြုလုပ်တဲ့အခါ ကြုံတွေ့နှိုင်တဲ့ဘေးအန္တရာယ်များအတွက် ပိုသည်းခံနိုင်မှုရှိလာစေပြီး အမှားများကိုပြု လုပ်ရာမှာလည်းအနည်းဆုံးအဆင့် သာရှိစေခဲ့ပါတယ်။

ဖေါ်ပြပါချဥ်းကပ်နည်းအရပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်တဲ့အခါမှာ ဆန်းသစ်တီထွင်တဲ့လုပ်ငန်းစဥ်မှာပါဝင် တဲ့ လူတွေဟာအလွန်များပြားလာစေပါတယ်။ ဆန်းသစ်တီထွင်မှုအပိုင်းတွင် ဦးဆောင်လုပ်ဆောင်နိုင်လာစေ ပါ တယ်။ နောက်ဆုံးမှာအဲဒီလိုပြုပြင်ပြောင်းလဲမှုကို စမ်းသပ်ဆောင်ရွက်မှုဟာ ထိရောက်တဲ့ချဥ်းကပ်နည်းဖြစ် တာ ကို တွေ့လာရတဲ့အတွက် ပိုကျယ်ပြန့်စွာသုံးနိုင်လာစေပါတယ်။

သြတြေားလျနိုင်ငံမှာတော့ အသစ်ပြုပြင်ပြောင်းလဲမှုများလို့ ဖယ်ဒရယ်အစိုးရကကြေငြာထားတဲ့ ပြုပြင်ပြောင်း လဲမှု တွေက အထက်မှာဖော်ပြခဲ့တဲ့ထိပ်ပိုင်းအောင်မြင်နေတဲ့နိုင်ငံများမှာလိုပင် ပညာရေးပြုပြင်ပြောင်းလဲမှုများ ဖြစ် လာအောင်ဦးတည်ခြင်းဖြစ်ပါတယ်။ ပြည်နယ်တစ်ခုတည်းမှာတော့ အပြည့်အဝဆောင်ရွက်နေခဲ့တာ နှစ်ပေါင်းတော်တော်တောင်ကြာခဲ့ပြီဖြစ်ပါတယ်။

ဖော်ပြခဲ့တဲ့ကမ္ဘာပညာရေးစနစ်သစ် ကို ပညာရေးပိုင်းတတ်သိကျွမ်းကျင်သူပညာရှင်များက ကမ္ဘာ့အကောင်းဆုံး ကျောင်းများအတွက်ရန်ပုံငွေထူထောင်ရေးပုံစံဖြစ်တယ်လို့သာမက ရှေ့ကို အကောင်းဆုံး မျှော်တွေးစဥ်းစားတဲ့ စနစ်ဖြစ်တယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ကျောင်းသစ်များဟာ ဖင်လန်နိုင်ငံမှာလို မျှော်မှန်းထားတဲ့အောင်မြင်မှုများမရရှိတဲ့အခါ မေလထဲမှာ အစိုးရက အစိုးရကျောင်းတွေမှာသုံးနေတဲ့သင်ရိုးညွှန်းတမ်းတွေမှမလိုအပ်တာတွေကိုဖယ်ထုတ်ရန် ကျေညာ ခဲ့ပါတယ်။ အဲဒီလိုကျေညာချက်ထုတ်တာက နှစ်ပေါင်း (၂၉)နှစ်အကြာမှာပထမအကြိမ်ပြန်လည်သုံး သပ်ချက် အနေဖြင့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

NSW Secondary Principals Council’s ရဲ့နှစ်စဥ်ကျင်းပမြဲဖြစ်တဲ့ ကွန်ဖရင့်ကို အင်္ဂါနှင့် ကြာသပတေးနေ့များမှာ ကျင်းပတဲ့အခါ အရေးတကြီးအလေး ထား ဆွေးနွေးတာက နည်းပြီး အားကြီးတဲ့သင်ရိုးဖြစ်ရေးကိုအလေးထား ဆွေး‌နွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ဆွေးနွေးပွဲမှာ ဥက္ကဌာဖြစ်တဲ့ Chris Presland ကပညာရှင်တွေကိုအောက်ပါအတိုင်းပြောဆိုခဲ့ ပါတယ်။

ပြုပြင်ပြောင်းလဲတဲ့အခါမှာ ကျွန်တော်တို့ အလေးထားရမှာက “ကျောင်းသားတွေသိသင့်တဲ့သဘောတရားတွေနဲ့ ကျောင်းသားတွေစွမ်းဆောင်နိုင်မှုကိုအလေးထားရမှာဖြစ်ပါတယ်” ။ သင်ရိုးညွှန်းတမ်းမှာ ပါချင်တာတွေအများ ကြီးပါနေအောင်လုပ်ဖို့ မဟုတ်ပါဘူးလို့ပြောခဲ့ပါတယ်။

“ပြီးတော့ဆရာတွေကိုလည်း တတ်သိကျွမ်းကျင်သူတွေလိုသဘောထားရန် လိုအပ်ပါတယ်။ ကျောင်းသားတွေ ကို သင်ပေးတဲ့အခါ ကျောင်းသားတွေအကောင်းဆုံးသင်ယူနိုင်တဲ့နည်းတွေဖြင့် သင်ယူနိုင်အောင် စီစဥ်ဖန်တီး ခွင့်ပေးသင့်ပါတယ် “ လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။

ဥက္ကဌဖြစ်တဲ့ Presland ကွမ်းဆောင်မှုအားကောင်းမြင့်မားတဲ့ဖင်လန်နှင့် ကနေဒါနိုင်ငံတို့ကို နမူနာကောင်းအ ဖြစ် ထောက်ပြခဲ့ပါတယ်။ အဲဒီအောင်မြင်နေတဲ့နိုင်ငံတွေမှာ သုံးတဲ့သင်ရိုးမှာ မလိုအပ်တာတွေကိုဖယ်ထုတ်ခြင်း ဖြင့် သင်ကြားသင်ယူးမှုမှာ ကောင်းတာတွေကို ပိုအလေးထားနိုင်ခဲ့ကြောင်းလည်းထောက်ပြသွားပါတယ်။

“ထိပ်တန်းအောင်မြင်နေတဲ့နိုင်ငံတွေမှာသုံးတဲ့သင်ရိုးညွှန်းတမ်းကို လေ့လာကြည့်မယ်ဆိုရင် ကျစ်လစ်တိုတောင်းပါတယ်။ အဲဒီနိုင်ငံတွေမှာအဓိကကျတဲ့ကျွမ်းကျင်မှုများကိုသာအလေးထားကြပါတယ်။သင်ရိုးမှာကြည့်ကောင်းအောင် ထည့်ထားတာမျိုးတွေကင်းကြပါတယ်”။ လို့ထောက်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ပညာရေးမှာလည်း လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုများပြုလုက်တဲ့အခါ အခုတင်ပြခဲ့တဲ့အချက် အ လက်များကအထောက်အကူပြုလိမ့်မယ်လို့မျှော်လင့်ပါတယ်။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)။ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...