Monday, February 3, 2025

အီလက်ထရောနစ်အသေးစားကိရိယားများကို များများသုံးတဲ့အကျိုးပျက်မှု (၉)မျိုး Food for Thought 884 ဒေါက်တာသိန်းလွင်

 May be an image of 2 people, child, childrens toy, phone and text


ဒီနေ့ကလေးများနောင်အရေးကို အလေးထားတဲ့အနေဖြင့် “အီလက်ထရောနစ်အသေးစားကိရိယားများကို များများသုံးတဲ့အကျိုးပျက်မှု (၉)မျိုး” အကြောင်းကို Food for Thought 884 အဖြစ်မျှဝေလိုက်ပါတယ်။

အီလက်ထရောနစ်အသေးစားကိရိယားများကိုများများသုံးတဲ့အကျိုးပျက်မှု (၉)မျိုး

အီလက်ထရောနစ်ကိရိယာများကိုအချိန်များများသုံးတဲ့အတွက်ကလေးများဖွံဖြိုးတိုးတက်မှုအပေါ် အကျိုး ပျက်မှုများ စွာရှိပါတယ်။

တက်ကနိုလော်ဂျီနဲ့ကလေးငယ်တွေကိုပူးတွဲတွေ့မြင်နေရတဲ့မြင်ကွင်းမှာ မျက်မှောက်လာလမှာတွေ့နေကျမြင် ကွင်း တစ်ခုဖြစ်လာပါတယ်။ တတောက်တောက်ပြေးနေတဲ့ကလေးက လက်ကိုင်ဖုန်းကိုကိုင်ထားပါတယ်။ ရင်ခွင်ပိုက်အရွယ်ကလေးက သူ့ပါားစပ်ထဲမှာ အိုင်ဖုန်းကိုကိုက်ထားပါတယ်။ အိမ်ကသမီးလေးဆိုရင် အင်္ကျီလဲ ပေးနေတာတောင် သူ့လက်ထဲမှ လက်ကိုင်ဖုန်းကို မလွှတ်ဘဲ လက်ထဲကိုင်ထားပါတယ်။ လက်တစ်ဘက်က အင်္ကျီ လက်ထဲလက်ထိုးတဲ့အခါ အခြားလက်တစ်ဘက်ထဲလက်ကိုင်ဖုန်းကိုပြောင်းကိုင်တတ်ပါတယ်။ မိဘ တွေကကလေးတွေငြိမ်အောင် လက်ကိုင်ဖုန်းတွေကို ပေးထားတတ်ကြပါတယ်။ ပညာပေးကစားစရာတွေ အဖြစ်ပေးထားတတ်ပါတယ်။ ဒါပေမဲ့နောက်ပိုင်းတော့ အဲဒါတွေက အလွန်ထိပ်လန့်စရာကောင်းတဲ့ မြင်ကွင်း တွေဖြစ်လာပါတော့တယ်။

အောက်ပါအတိုင်းလေ့လာတွေ့ရှိချက်များရှိလာပါတယ်။ Common Sense Media ကနေလေ့လာထားချက်အရ အသက် (၈) နှစ်အရွယ်ကလေးတွေဟာ အီလက်ထရောနစ်ပစ္စည်းများသုံးမှုက ၂၀၁၁ ခုနှစ်မှာ ၃၈ % ရှိရာမှ၂၀၁၃ ခုနှစ်မှာ လက်ကိုင်ဖုန်းကိုသုံးမှုက ၇၂% အထိတိုးလာတယ်လို့ဖော်ပြထားပါတယ်။ အချိန်အား ဖြင့် (၂)နှစ်တာအ တွင်းတိုးတက်များလာခြင်းဖြစ်ပါတယ်။

အမေရိကန်မိဘများကိုယ်တိုင်ပြုလုပ်တဲ့လေ့လာချက်အရ တတောက်တောက်ပြေးနေတဲ့အရွယ်ကလေးတွေ အီ လက်ထရောနစ်ပစ္စည်းများသုံးမှုက ၁၀ % မှ ၃၈% အထိတိုးလာကြောင်းဖောါ်ပြထားပါတယ်။ အဲဒီတွေ့ရှိ ချက် အပေါ်မူတည်ပြီးအမေရိကန်ကလေးအထူးကုကျွမ်းကျင်သူဆရာဝန်များအသင်းကအဲဒီအီလက်ထရောနစ်ပစ္စည်း များကိုသုံးခွင့် ပြုခြင်းမှာ ကလေးသဘာဝကိုပြောင်းလဲစေတဲ့အတွက် အသက် (၂) အောက်ကလေးတွေကို သုံး ခွင့် မပြုသင့်ကြောင်း အကြံပြုထားကြပါတယ်။

အလားတူပင် Wisconsin တက္ကသိုလ်မှသုတေသီများကလည်း သူတို့လေ့လာတွေ့ရှိချက်များကိုဖော်ပြခဲ့ကြပါ တယ်။ တတောက်တောက်ပြေးနေတဲ့အရွယ်ကလေးတွေဟာ လူတွေကို အပြန်အလှန်တုန့်ပြန်တာထက် ဗီဒီယို မှန်သားပြင်မှာတွေ့တာကို ပိုကောင်းစွာတုံ့ပြန်နိုင်ကြတယ်လို့ဖော်ပြခဲ့ပါတယ်။ အဲဒီလိုဖြစ်လာတာကတော့ က လေးတွေငြိမ်အောင် အီလက်ထရောနစ်ပစ္စည်းတွေပေးကိုင်ထားတဲ့အလေ့အကျင့် ကြောင့် ဖြစ်ပါတယ်။

Common Sense Media အုပ်စုကို စတင်ထူထောင်ခဲ့သူ Jim Seyer ကအောက်ပါအတိုင်းဖော်ပြခဲ့ပါတယ်။ အဲ ဒီအီလက်ထရောနစ်ပစ္စည်းတွေက ကလေးငယ်တွေရဲ့ဘဝနေနည်းတစ်ခုလုံးကို ပြောင်းလဲနေပါတယ်။ ရုပ်မြင် သံကြားအစီအစဥ်၊ ကစားစရာတွေ၊ ပြင်ပကစားကွင်းများနှင့် ပုံပြင်စာအုပ်များကိုအစားထိုးနေရာယူ လာနေ ကြောင်းဖော်ပြထားပါတယ်။ အသက် (၁) နှစ်သာရှိသေးတဲ့ကလေးငယ်တစ်ယောက်ဟာ ရုပ်မြင်သံကြား မှန် သားပြင်ရှိရာသို့သွားပြီး လက်ကိုင်ဖုန်းလို့အထင်ဖြင့် ဖန်သားပြင်ကို သူ့လက်ဖြင့် ပွတ်ဆွဲနေတတ်ပါတယ်။ အဲ ဒီလက်ကိုင်ဖုန်းတွေဟာ ကလေးတွေဘဝမှာအရင်က မတွေ့မမြင်ခဲ့တဲ့အနေအထားမှ မျက်မှောက်ကာလမှာ အစိတ်အပိုင်းတစ်ခုဖြစ်လာနေပါတယ်လို့ဖော်ပြခဲ့ပါတယ်။

Kaiser Family Foundation ကလေ့လာပြီးအစီရင်ခံစာတင်တဲ့အခါမှာ ကလေးငယ်တွေဟာပျမ်းမျှအားဖြင့် တစ် နေ့ကို (၇)နာရီခွဲလောက်လက်ကိုင်ဖုန်း၊အီလက်ထရောနစ်ပစ္စည်းတွေကိုကိုင်သုံးနေကြောင်းဖေါ်ပြထားပါတယ်။ ပိုဆိုးတာကတော့ ကလေးငယ်တွေဟာ လမ်းတောင်ကောင်းကောင်းမလျောက်တတ်သေးတဲ့အချိန်၊ သူတို့ဖိနပ် သဲ ကြိုးကိုကိုယ်တိုင်မချီတတ်ခင်မှာအီလက်ထရောနစ်ပစ္စည်းတွေကိုစတင်သုံးတတ်နေကြပါတယ်။ မိဘတွေက အီလက်ထရောနစ်ပစ္စည်းတွေကိုပေးသုံးထားတဲ့အတွင် ဖြစ်လာတဲ့အကျိုးပျက်မှုတွေကို ကောင်းကောင်းမမြင် ကြ ပါဘူး။ ဒါပေမဲ့ကျွမ်းကျင်သူပညာရှင်များနှင့်နိုင်ငံတော်အစိုးရတွေကတေ့ ကလေးတွေကိုအီလက်ထ ရော နစ်ပစ္စည်းတွေကိုအချိန် ကြာစွာပေးသုံးတာမျိုးမပြုလုပ်ရန်သတိပေးနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အီလက်ထရောနစ်ပစ္စည်းတွေကကလေးတွေဖွံ့ဖြိုးတိုးတက်မှုမှာအနှောက်အရှက်အဟန့်အတားဖြစ်စေတဲ့အ တွက်ဖြစ်ပါတယ်။ အောက်ဘက်မှာ အီလက်ထရောနစ်ပစ္စည်းများကိုအချိန်ကြာကြာသုံးတဲ့အတွက် အကျိုးပျက် စေနိုင်မှုများကိုဖော်ပြထားပါတယ်။

၁။ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကိုအဟန့်အတားဖြစ်ခြင်း

တတောက်တောက်ပြေးနေတဲ့အရွယ်မှာ ကလေးတွေရဲ့ဦးနှောက်မှာ အရွယ်အားဖြင့် သုံးဆကြီးထွားလာပါတယ်။ လူကြီးဘဝမှာရှိတဲ့ဦးနှောက်အရွယ်အစားရောက်အောင် ဆက်လက်ကြီးထွားနေကြပါတယ်။ လေ့လာတွေ့ရှိ ချက်များအရ အီလက်ထရောနစ်ပစ္စည်းများကို အချိန်များစွာသုံးခွင့်ပေးခြင်းကြောင့် ကလေးဦးနှောက်အလုပ် လုပ် ပုံအပေါ် အပျက်သဘောဆောင်တဲ့အကျိုးသက်ရောက်မှုများရှိစေနိုင်ကြောင်းတွေ့ရှိထားပါတယ်။ အာရုံ စူးစိုက်နိုင်မှုများယုတ်လျော့ကျဆင်းစေနိုင်ပါတယ်။သိမှုပိုင်းဖွံ့ဖြိုးတိုးတက်ရာမှာနှေးကွေးစေနိုင်ပါတယ်။ သင် ယူမှုကို လည်းထိခိုက်ပျက်ပြားစေနိုင်ပါတယ်။ စိတ်လိုတိုင်းတစွတ်ထိုးလုပ်တတ်မှုတွေတိုးလာစေနိုင်ပါ တယ်။ မိမိကိုယ်မိမိထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းတွေကျဆင်းလာစေနိုင်ပါတယ်။ မိဘများအနေဖြင့် ကလေးငယ်တွေ ကို အီလက်ထရောနစ်ပစ္စည်းတွေပေးထားပြီး ငြိမ်အောင်ထိန်းခြင်းထက် ကလေးနှင့်အတူတူသီချင်းဆိုခြင်း၊ စာ ဖတ်ပြခြင်း၊ ကလေးနှင့်အပြန်အလှန်စကားပြောဆိုခြင်း၊ အိမ်မှာ အချိန်သတ်မှတ်ပြီး ရုပ်မြင်သံကြားကြည့်ခြင်း စတာမျိုတွေပြုလုပ်သင့်ပါတယ်။

၂။ ကလေးတွေအဝလွန်လာစေနိုင်ခြင်း

အပြင်ပတွင်ပြေးလွှားကစားတဲ့အချိန်မှာ ပြေးလွှားကစားခြင်းမရှိဘဲ အီလက်ထရောနစ်ပစ္စည်းတွေကို ကိုင်ပြီး ငြိမ်ငြိမ်လေးကစားနေတဲ့ကလေးတွေဟာ သူတို့စားထားတဲ့ကယ်လိုရီတွေကို လောင်ကျွမ်းအောင်မလုပ်နိုင် ကြပါဘူး။ အမေရိကားမှာဆိုရင် ကလေး သုံးယောက်မှာတစ်ယောက်ကအဝလွန်နေပါတယ်။ အဲဒီမှတစ်ဆင့် ဆီချိုရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းစတာတွေဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့်မိဘတွေအနေဖြင့် သူတို့ ကလေးငယ်တွေကိုအပြင်ဘက် လေကောင်းလေသန့်ရတဲ့နေရာမှာပြေးလွှားကစားတာမျိုးများများပြုလုပ်ရန် အားပေးသင့်ပါတယ်။ လမ်းလျောက်ခြင်း၊ ပြေးကစားခြင်း၊ ခုန်ပေါက်ကစားစေခြင်းနှင့် ကလေးတို့နှစ်သက်တဲ့ ကိုယ်လက်လှုပ်ရှားကစားမှုများကိုပြုလုပ်ရန် တိုက်တွန်းအားပေးသင့်ပါတယ်။ ပြင်ပကစားကွင်းမှာကစားခြင်း ဖြင့် ကလေးများအနေဖြင့် ကိုယ်လက်လှုပ်ရှားမှုကို ပြုလုပ်တဲ့အတွက် သူတို့စားထားတဲ့ကယ်လိုရိများလောင် ကျွမ်းစေပြီးအဝလွန်တာမျိုး၊ အဝလွန်မှုကြောင့် ဖြစ်နိုင်တဲ့နောက်ဆက်တွဲကျန်းမားရေးပြဿနာများလည်းဖြစ် လာနိုင်ခြေ လျော့ပါးသွားစေပါတယ်။ အခြားကလေးများနှင့် ပေါင်းသင်ဆက်ဆံမှုများလည်းတိုးလာစေနိုင် ပါ တယ်။ ကျန်းမာရေးနှင့်ညီညွတ်တဲ့ဘဝနေနိုင်လာစေပါတယ်။

၃။ အကြမ်းဖက်မှု

ကလေးတွေဟာ သူတိုသုံးနေတဲ့တယ်ဗလက်မှာဂိမ်းတွေကိုအချိန်ကြာမြင့်စွာကစားနေတဲ့အတွက် ရန်လိုတဲ့ အပြုအမူများဖြစ်လာတာကိုမိဘများသတိထားမိလာကြပါတယ်။ စိတ်ကိုမထိန်းနိုင်ဘဲ ဝုန်းဒိုင်းကျဲပြီးဒေါသ ဖြင့်ရန် လိုတဲ့အပြုအမူများဖြစ်လာတာပိုသိသာပါတယ်။ ငယ်စဥ်ကအဲဒီလိုကွန်ပျူတာဂိမ်းတွေကို များများက စား တဲ့ကလေးတွေဟာ ကြီးပြင်းလာတဲ့အခါမှာ လူကြီးတွေပြောဆိုတာကိုမနာခံမှုတွေပိုများလာတာကို တွေ့ လာရပါတယ်။ လူကြီးတွေကို ပြန်ပြောတာမျိုး တွေပိုပြုလုပ်လာတတ်ကြပါတယ်။ ဒါကြောင့် ကလေးတွေကို ငြိမ်အောင် တယ်ဗလက်တွေပေးကစားစေမဲ့အစား ဆေးရောင်ခြယ်တဲ့စာအုပ်မှာဆေးရောင်ခြယ်တာတွေ ပြု လုပ်ခိုင်းပါ။ ဘော်လုံးကန်တာမျိုးပြုလုပ်ခိုင်းပါ။ မိမိကလေးမှာ အမူအကျင့် အပြုအမူကောင်းလာအောင်ဒီနေ့ မှစတင်လေ့ကျင့်ပေးပါ။ ပြီးတော့ မိမိကလေးမှာ ဘယ်လိုအပြုအမူတွေပြောင်းနေတယ်ဆိုတာ ကို လည်းသတိ ထားစောင် ကြည့်ပါ။

၄။ အီလက်ထရောနစ်ပစ္စည်းမှာ အပူဖြာထွက်ရောင်ခြည်နှင့်ထိတွေ့ခံနေရခြင်း

၂၀၁၁ ခုနှစ်တွင် ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးကထုတ်ပြန်တဲ့အစီရင်ခံစာအရ ဆဲလ်ဖုန်းနှင့် ဝါယာလက် ကရိ ယာပစ္စည်းများဟာ သူတို့မှထွက်လာတဲ့အပူဖြာထွက်ရောင်ခြည်များကြောင့် သုံးတဲ့လူတွေအပေါ် ဘေးအန္တ ရာယ်ဖြစ်စေမှု (၂-ခ)အဆင့်ရှိတယ်လို့ဖေါ်ပြထားခဲ့ပါတယ်။ ၂၀၁၃ ခု ဒီဇင်ဘာလက တိရန်တိုတက္ကသိုယ် ကျန်းမာရေးဌာနမှ ဒေါက်တာ Anthony Miller က အီလက်ထရောနစ်ပစ္စည်းမှ အပူဖြာထွက်ရောင်ခြည်နှင့် ထိတွေ့ခံနေရခြင်း မှာ ကလေးများအတွက် ဘေးဖြစ်စေတဲ့ခြိမ်းခြောက်မှုအသေအချာဖြစ်စေကြောင်း ဖော် ပြခဲ့ပါတယ်။ ကျန်းမာတဲ့ကလေးနှင့်ကျန်းမာတဲ့ကမ္ဘာအဖွဲ့ကလည်း အီလက်ထရောနစ်ပစ္စည်းမှာ အပူဖြာ ထွက် ရောင်ခြည်နှင့်ထိတွေ့ခံနေရခြင်း ကဘေးအန္တရာယ်များစေကြောင်းကို အသိအမှတ်ပြုပါတယ်။ အဲဒီ ဘေး အန္တ ရာယ်များမှကင်းအောင် လိုက်နာရန် အကြံပြုချက်များကို ပေးခဲ့ပါတယ်။

၅။ လူတွေနှင့်အပြန်အလှန် ထိတွေ့မှု လျော့နည်းကျဆင်းလာခြင်း

တယ်ဗလက်တွေဖြင့်ကစားနေတဲ့အခါ ကလေးဟာ သူတစ်ယောက်တည်းကစားနေနိုင်ပါတယ်။ နယူးယောက် တိုင်းမ်သတင်စာမှာပါတဲ့ဆောင်းပါး တွင်ဆောင်းပါးရှင် Dr. Gary Small က ကလေးတွေဟာ တက်ကနော်လိုဂျီ သုံးပစ္စည်းတွေကိုသုံးတဲ့အချိန်တွေများလာပြီး လူတွေနှင့်အပြန်အလှန်ထိတွေ့ပြောဆိုမှုတွေကျလာကြောင်း ထောက်ပြထားပါတယ်။ Dr. Gary Small မှာ ကာလီဖိုးနီးယားတက္ကသိုလ် သက်ရှည်ကျန်းမာရေးဌာနမှာ ဒါရိုက် တာတစ်ဦးဖြစ်တဲ့အပြင် “iBrain:Surviving the Technological Alteration of the Modern Mind” ဆိုတဲ့ ခေတ် မှီစိတ်ဆိုတဲ့ တက်ကနိုလိုဂျီ ကြောင့် ပြောင်းလဲခံနေရတဲ့ခေတ်မှိစိတ်ကို ရှင်သန်အောင်ကယ်တင်ရေးဆိုတဲ့ စာ အုပ်ကိုရေးခဲ့သူလည်းဖြစ်ပါတယ်။ အဲဒီလို တက်ကနိုလိုဂျီသုံးပစ္စည်းတွေနဲ့ပိုအချိန် တွေသုံးပြီး လူတွေနဲ့အပြန်အ လှန်ထိတွေ့မှု တွေလျော့ကျလာတဲ့အတွက် ကလေးတွေမှာ လူတွေနှင့်အပြန်အလှန် ဆက်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်မှုများတိုးတက်သင့် သလို တိုးတက်လာခြင်းမရှိတော့ပါ။ သူတို့ပတ်ဝန်းကျင်မှာ သက်မဲ့ပစ္စည်းတွေ ဖြင့်သာ ဝိုင်းရံနေတဲ့အတွက်ဖြစ်ပါတယ်။ တစ်ချို့ကလေးတွေက ရုပ်မြင်သံကြားမှာတွေ့မြင်ကြားနေတဲ့ပြော ဆိုမှုတွေကို အတူယူနေကြပြီး လူတွေနှင့်အပြန်အလှန်ထိတွေ့ဆက်ဆံတဲ့အခါ မှာအဆင်မပြောတာတွေဖြစ် လာကြပါတယ်။

၆။ အိပ်စက်နားနေမှု ယုတ်လျော့ကျဆင်းလာခြင်း

လက်ကိုင်ဖုန်းများနှင့် တက်ဗလက်များကို အချိန်များများသုံးနေတဲ့ကလေးတွေဟာ လုံလောက်တဲ့နားနေ အိပ် စက်မှုမရကြပါ။ လက်ကိုင်ဖုန်းနှင့်တက်ဗလက်များကိုကိုင်သုံးနေမှုမှာ ထိုကလေးတို့အတွက်အိပ်ဆေးသ ဘော ပင်ဖြစ်လာနေပါတယ်။ အဲဒီပစ္စည်းတွေမရှိရင် မနေနိုင်ကြတော့ဘဲ ရန် လိုတာမျိုးတွေ ဝုန်းဒိုင်းကျဲတာမျိုး တွေ ပင်ဖြစ်လာတတ်ကြပါတယ်။ တတောက်တောက်ပြေးနေတဲ့ကလေးတွေမှာ လုံလောက်တဲ့အိပ်စက်နား နေမှုမရ တဲ့လက္ခဏာများကို ပညာရှင်များကထောက်ပြထားပြီး အဲဒီကလေးတွေညဘက်မှာကောင်းစွာအိပ်စက်နားနေနိုင် အောင် အကြံပြုချက်များလည်းပေးထားကြပါတယ်။

၇။ သဘာဝနှင့် ထိတွေ့ခွင့်နည်းလာခြင်း

အီလက်ထရောနစ်ပစ္စည်းတွေက ကလေးငယ်များဖွံ့ဖြိုးတိုးတက်မှုကိုသတ်ပြစ်နေကြပါတယ်။ ကလေးတွေဟ အဲဒီပစ္စည်းတွေနဲ့သာအချိန်တွေကုန်နေကြတဲ့အတွက် ပတ်ဝန်းကျင် ပြင်ပလောကနဲ့ထိတွေ့မှာကင်းသလိုဖြစ်လာ ကြပါတယ်။ ပြင်ပလေကောင်းလေသန့်ရတဲ့သဘာဝပတ်ဝန်းကျင်မှာကစားပြေးလွှားခြင်းနှင့်သက်တူရွယ်တူတွေ နှင့် ထိတွေ့ကစားတာတွေမရှိသလောက် လျော့ကျလာကြပါတယ်။ သူတို့ဟာအချိန်ရှိသမျှကွန်ပျူတာ အီလက် ထရောနစ်ပစ္စည်းတွေကိုသာ ကစားနေကြပါတယ်။ အဲဒီလိုကလေးတွေရဲ့မိဘတွေကလည်း ကလေးတွေကို လို အပ်တာထက် ပိုအကာအကွယ်ပေးတတ်ကြသူများဖြစ်ပြီး ကလေးတွေလမ်းမမထွက်ဘဲ အိမ်မှာသာနေခြင်းက ဘေး ကင်းတယ်လို့ ရှုမြင်ကြပါတယ်။ အိမ်ထဲမှာသာနေနေတဲ့အတွက် ကလေးတွေဟာ သဘာဝပတ်ဝန်းကျင်နှင့် ထိ တွေ့ခွင့်ဆုံးရှုံးနေတာကိုတော့ သဘောမပေါက်ကြပါဘူး။ ပတ်ဝန်းကျင်မှာရှိတဲ့အပင်တွေ၊တိရစ္ဆာန်လေးတွေ၊ ရေကန်တွေ၊ ကောင်းကင်ပြင်အလှတွေနှင့် ထိတွေ့ခံစားမှုကင်းလာစေပါတယ်။ တတောက်တောက်ပြေးတဲ့ အ ရွယ်ကလေးတွေဆိုတာ ဘော်လုံးကိုပစ်ကစားခြင်း၊ ပြေးခြင်း၊ ခုန်ပေါက်ကစားခြင်း၊ သက်တူရွယ်တူအချင်း ချင်း ကစားရင်းအမည်များကိုခေါ်ခြင်းစတာမျိုးတွေပြုလုပ်ရန် လိုအပ်တဲ့အသက်အရွယ်အပိုင်းအခြားဖြစ်ပါတယ်လို့ Babycentre က ကလေးဖွံ့ဖြိုတိုးတက်ရေးမှတ်တိုင်များအဖြစ်ဖော်ပြထားပါတယ်။ ကလေးတွေဖွံ့ဖြိုး လာဖို့မှာ အပြင်ပပတ်ဝန်းကျင်မှာဖော်ပြတဲ့ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ရန် လိုအပ်ပါတယ်။ ကိုယ်လက်ဖွံ့ ဖြိုး တိုး တက် စေခြင်း၊ သဘာဝနှင့်ထိတွေ့ခံစားနိုင်ခြင်းနှင့် သက်တူရွယ်တူများနှင့်ထိတွေဆက်သွယ်နိုင်ခြင်းဆိုတဲ့အကျိုး ထူးများကို ပြင်ပတွင် ကစားလှုပ်ရှားခြင်းမှရရှိစေနိုင်ပါတယ်။

၈။ မျက်စိအမြင်ထိခိုက်စေခြင်း

ကွန်ပျူတာမှန်သားပြင်ကိုအချိန်ကြာမြင့်စွာကြည့်နေတဲ့တွက် မျက်စိကို နာကျင်ဖိစီးမှုဖြစ်စေပါတယ်။ မျက်စိ အမြင် နှင့်ပတ်သက်လိုကျွမ်းကျင်သူတွေကပြောပြချက်မှာ အကွာအဝေးမတူတာတွေကို ကြည့်ခြင်းမှာ ကောင်း တဲ့အလေ့အကျင့် ဖြစ်ပါတယ်။ လေ့လာချက်သုတေသနများအရ ကွန်ပျူတာကို အချိန် အကြာကြီးသုံးတဲ့က လေး တွေမှာ ကြီးလာတဲ့အခါ မျက်စိပြဿနာပိုဖြစ်စေကြောင်းလေ့လာတွေ့ရှိထားပါတယ်။ ကွန်ပျူတာဂိမ်း တွေ ကိုအချိန်ကြာမြင့်စွာကစားခြင်းက ကလေးတွေရဲ့မျက်စိအပေါ်မှာ ဆိုးတဲ့သက်ရောက်မှုတွေပိုဖြစ်စေ ပါ တယ်။

၉။ စွဲနေမှု

ကလေးတွေကကွန်ပျူတာဂိမ်းကစားလိုတာကိုမိဘတွေက အလိုလိုက်ပြီးကစားခွင့်အချိန်တွေများများပေးနေ မယ် ဆိုရင် ကလေးတွေကြီးလာတဲ့အခါ ကွန်ပျူတာဂိမ်းတွေအပေါ် စွဲစေအောင် ခွင့် ပြုနေတာနှင့် တူပါတယ်။ မိဘတွေအနေဖြင့် ကလေးတွေအိမ်မှာနေစေပြီးတစ်ချိန်လုံးကွန်ပျူတာဂိမ်းကစားနေတာမျိုးခွင့်မပြုသင့်ပါဘူး။ ကျန်သဘာဝပတ်ဝန်းကျင်နှင့်ထိတွေ့နိုင်အောင် အားပေးခြင်း၊ စီစဥ်ပေးခြင်းများပြုလုပ်သင့်ပါတယ်။ WebMD ကထောက်ပြရာမှာ ကွန်ပျူတာ တက်ကနိုလော်ဂျီ ပစ္စည်းတွေက စွဲနေစေတတ်ကြောင်း၊ အဲဒီပစ္စည်းတွေကိုစွဲ နေခြင်းမျိုးမဖြစ်စေဘဲ ကလေးတွေရဲ့ ကိုယ်လက်၊စိတ်၊ စိတ်လှုပ်ရှားခံစားမှုများကိုတိုးတက်စေမဲ့အလုပ်များပြု လုပ် နိုင်အောင်အားပေးစီစဥ်တိုက်တွန်းသင့်ပါတယ်လို့ ထောက်ပြထားပါတယ်။

အီလက်ထရောနစ်ပစ္စည်းတွေကို သုံးတာနဲ့ပတ်သက်လို့ သင့်တင်ရုံသာသုံးခွင့်ပေးသင့်ပါတယ်။ ကလေးတွေ ဆိုတာ မျိုးနွယ်သစ်တွေဖြစ်တဲ့အတွက် ခေတ်မှီတိုးတက်နေတဲ့နည်းပညာနှင့် ပတ်သက်လို့ သိသင့်တဲ့သတင်းအ ချက်အလက်တော့ရသင့်ပါတယ်။ ဒါပေမဲ့ မိဘများအနေဖြင့် အလွန်အကျွံမဖြစ်အောင်၊ အချိန် ပြည့်နီးပါး ကွန် ပျူတာ ဂိမ်းတွေကစားနေတာမျိုးမဖြစ်အောင် ထိန်းသိမ်းပေးဖို့မှာ မိဘများတာဝန်ဖြစ်ပါတယ်။ သဘာဝပတ်ဝန်း ကျင်မှာ ပြေားလွှားကစားခြင်း၊ သက်တူရွယ်တူများနှင့် ပျော်ရွှင်စွာကစားခြင်းစတဲ့ကိုယ်ရောစိတ်ပါ ပျော်ရွှင်စေ တဲ့လုပ်ငန်းများကို ငယ်တဲ့ကလေးတွေပြုလုပ်လာအောင် စီစဥ်အားပေးသင့်ပါတယ်။

မိတ်ဆွေများကလေးတွေမှာ အီလက်ထရောနစ်ပစ္စည်းတွေအပေါ်စွဲနေမှုမျိုးမဖြစ်အောင် ထိန်းသိမ်းပေးကြ ရန် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...