
ဖင်လန်နိုင်ငံမှ ကျောင်းများကိုအောင်မြင်စွာပြုပြင်ပြောင်းလဲမှုမှဘာတွေသင်ယူရနိုင်ပါသလဲ။ (Food for Thought 885)
ဖင်လန်နိုင်ငံရဲ့ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်လို့ ပထမပိုင်းကိုတော့ အထွေထွေပြုပြင်ပြောင်းလဲမှုများ အဖြစ်တင်ပြသွားပါမယ်။ ဒုတိယပိုင်း ကိုတော့ ဆရာများ အရည်အသွေးရှိသူများဖြစ်အောင် ဘယ်လိုလေ့ကျင့် ပျိုးထောင်ခဲ့ကြောင်း တင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။
သင်ကြားသင်ယူမှုဆိုင်ရာ တတ်ကျွမ်းမှုစွမ်းရည်မြှင့်တင်ရေး
ဖင်လန်နိုင်ငံမှာအားကောင်းတဲ့ပညာရေးစနစ်ကို ဘယ်လိုထူထောင်ခဲ့ကြောင်းအနှစ်ချုပ်အားဖြင့် တင်ပြဆွေးနွေး မှာဖြစ်ပါတယ်။ အောက်ခြေအဆင့်မှဘယ်လို ထူထောင်ခဲ့တာကို လေ့လာကြည့်ရအောင်။
၁၉၇၀ ခုနှစ်လောက်က ဖင်လန်ပညာရေးဟာမအောင်မြင်ခဲ့ပါဘူး။ အဲဒီအချိန်ကဆိုရင် အမေရိကန်ပြည်ထောင်စု ဟာကမ္ဘာ့ပညာရေနယ်ပယ်မှာထိပ်တန်းရောက်နေခဲ့ပါတယ်။ ဒါပေမဲ့ဖင်လန်နိုင်ငံမှာထုတ်လုပ်စွမ်းအားကောင်း တဲ့သင်ကြားသင်ယူရေးစနစ်ကိုဖန်တီးခဲ့ပါတယ်။ ပညာရေးကို လက်လှမ်းမှီအောင်တိုးချဲ့ခဲ့ပါတယ်။ ပညာရေး အတွက် ကြီးမားတဲ့မျှော်မှန်းချက်များချမှတ်ခဲ့ပြီး ထိုသတ်မှတ်ချက်များပြည့်ဝအောင်ရည်ရွချက်ရှိရှိ ရင်းနှီးမြှုပ် နှံမှုများပြုလုပ်ခဲ့ပါတယ်။ သင်ကြားမှုစွမ်းရည်တိုးတက်ကောင်းမွန်လာအောင် ချဥ်းကပ်နည်းများကို အသုံးပြုခဲ့ ပါတယ်။
ဖော်ပြပါသင်ကြားသင်ယူမှုစနစ်မှာ အရေးကြီးတဲ့ဒီဇိုင်းတွေပါဝင်ပါတယ်။ ပါဝင်တဲ့အစိတ်အပိုင်းတွေမှာလည်း ကောင်းစွာဆက်စပ်မှုရှိအောင် ဖန်တီးခဲ့ကြပါတယ်။ အဲဒီအရေးကြီးတဲ့အစိတ်အပိုင်းတွေကတော့ ကျောင်းသား များအနေဖြင့် သေချာပြည့်စုံစွာပြင်ဆင်ထားတဲ့ဆရာများက ပုံမှန်အနီးကပ် ကူညီလမ်းပြမှုအသေအချာရအောင် အလေးထားပါတယ်။ သေချာစွာစဥ်းစားဖေါ်ထုတ်ထားတဲ့သင်ရိုးညှန်းတမ်းနှင့် ထိုသင်ရိုးညွှန်းတမ်းကို အကောင် အထည်ဖေါ်တဲ့အခါမှာ ဆီလျှော်လိုက်ဖက်တဲ့သင်ကြားသင်ယူမှုအထောက်အကူများနှင့် စစ်ဆေးအကဲဖြတ်တဲ့ စနစ်များကိုသုံးခဲ့ပါတယ်။ ထိုအပိုင်းတွေက ကျောင်းသားများ၊ ဆရာများ၊ ပညာရေးနယ်ပယ်မှခေါင်းဆောင်များ၊ နှင့်ပညာရေးစနစ်တစ်ခုလုံးကို ဆက်လက်တိုးတက်သင်ယူတက်လာအောင်အထောက်အကူပြုခဲ့ပါတယ်။ အဲဒီ လိုဖင်လန်နိုင်ငံမှာ ပြုပြင်ပြောင်းလဲလုပ်ဆောင်မှုများမှသင်ယူနိုင်တဲ့သင်ခန်းစာတွေများစွာရှိပါတယ်။ ဘာကြောင့် လဲဆိုတော့ သူတို့မှာကြုံခဲ့တဲ့ပညာရေးပြဿနာများမှာ အခြားနိုင်ငံတွေမှာတွေ့ကြုံနေတာတွေနှင့် ဆင်တူနေတဲ့ အတွက်ဖြစ်ပါတယ်။
ဖင်လန်နိုင်ငံရဲ့အောင်မြင်မှုမှတ်တမ်း
ဖင်လန်နိုင်ငံဟာဆိုဗီယက်တို့ရဲ့အရိပ်မိုးခံခဲ့ရတာမှထွက်လာပြီးနောက် ပညာရေးနယ်ပယ်မှာ အပြည်ပြည်ဆိုင်ရာ အဆင့်မှာထိပ်ဆုံးသို့ တက်လှမ်းလာခဲ့ပါတယ်။ ဖင်လန်နိုင်ငံဟာတစ်ချိန်က ဟိတ်ဟန်များပြီး တင်းကျပ်တဲ့ဗြူရို ကရေစီစနစ်ခေတ်ကဆိုရင် ပညာရေးမှာအားနည်းခဲ့ပြီး အဆင့်နိမ့်တဲ့ပညာရေးသာရှိခဲ့ပါတယ်။ လူတွေကြားမှာ မညီမျှမှုလည်း များစွာရှိခဲ့ပါတယ်။ အဲဒီလိုအဆင့်အနေအထားမှ ပြုပြင်ပြောင်းလဲမှုများပြုလုပ်လိုက်တဲ့အခါ OECD nations (Organization for Economic Cooperation and Development စီပွားရေးဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းဆိုတဲ့ တိုးတက်မှုအားကောင်းတဲ့နိုင်ငံများမှာထိပ်ဆုံး အဆင့်သတ်မှတ်ခံရပါ တယ်။ PISA (Program for International Student Assessments),အပြည်ပြည်ဆိုင်ရာ ကျောင်းသားများ စွမ်း ဆောင်နိုင်မှုစစ်ဆေးတိုးင်းတာမှုအရလည်း ကမ္ဘာအဆင့် (၁) အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ အပြည်ပြည်ဆိုင် ရာ စစ်ဆေးတိုင်းတာမှုမှာ အသက် (၁၅) နှစ်အရွယ်ကျောင်းသားတွေကို ဘာသာစကား၊ သင်္ချာ၊ နှင့်သိပ္ပံဘာသာ ရပ်များကိုစစ်ဆေးခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းမှကျောင်းသားများမှာသာမက ပြည်တွင်းသို့ ပြောင်းရွှေ့ ခိုဝင်လာကြတဲ့ ကျောင်းသားများမှာပါ ဖော်ပြပါ တိုးတက်မှုများကိုတွေ့လာရပါတယ်။ တိုးတက် ပြောင်းလဲမှုမှာ ဒေသခံနိုင်ငံ သားများမှာလိုပင် ဖင်လန်နိုင်ငံသို့ပြောင်းရွှေ့ခိုဝင်လာသူများမှာလည်း တူညီသောတိုးတက်ပြောင်း လဲမှု များ ရှိလာတာကို တွေ့ခဲ့ရပါတယ်။
ဖင်လန်နိုင်ငံမှာပညာရေးပြုပြင်ပြောင်းလဲမှုမှာ အရင်ကရှိနေတဲ့ အစဥ်အလာပညာရေးစနစ်ကို ခေတ်မှီတိုးတက် တဲ့စံပြုနိုင်တဲ့ ပညာရေးပုံစံတစ်ခုအဖြစ်ပြုပြင်ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။ ပြည်သူလူထုက ပညာရေးအသုံး စရိတ်ကို ကျခံပြီး အရည်အသွေးကောင်းတဲ့ပညာရေး၊ ကောင်းမွန်ညီမှုမှုရှိတဲ့ပညာရေး၊ ပြည်သူအများပါဝင် တဲ့ ပညာရေးဖြစ်အောင် ပြုပြင်ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။ ဖော်ပြပါပြုပြင်ပြာင်းလဲမှုများကိုလည်းထိုက်သင့်တဲ့ ကုန်ကျမှုဖြင့် ပြုလုပ်နိုင်ခဲ့ပါတယ်။ အခုဆိုရင် ကျောင်းသူကျောင်းသား (၉၉)ရာခိုင်နှုန်းကျော်မသင်မနေရသတ် မှတ်ထားတဲ့ အခြေခံအဆင့်ပညာရေးကိုအောင်မြင်စွာပြီးဆုံးအောင်သင်ယူနိုင်ကြပါတယ်။ (၉၀) ရာခိုင်နှုန်းက တော့ မသင်မနေရာအခြေခံပညာရေးထက် တစ်ဆင့်ပိုမြင့်တဲ့ပညာရေးကို ပြီးဆုံးအောင်သင်နိုင်ကြပါတယ်။ အ ခြေခံအထက်တန်းအဆင့် ပြီးဆုံးသူများအနက် သုံးပုံနှစ်ပုံကတော့တက္ကသိုလ်များ၊ တတ်ကျွမ်းမှုဆိုင်ရာပေါ်လီ တက်ကနစ်ကျောင်းတွေမှာဆက်လက်ပညာသင်ယူ နေကြပါတယ်။ ဖင်လင်နိုင်ငံရှိ သက်ကြီး (၅၀) ရာခိုင်နှုန်းမှာ သက်ကြီးပညာရေးအစီအစဥ်မှာပါဝင်သင်ယူနေကြပါတယ်။ အဲဒီလို အဆင့်အသီးသီးမှာပညာသင်ယူနေတဲ့ အ တွက် ကုန်ကျစာရိတ်ရဲ့ (၉၈) ရာခိုင်နှုန်းကို နိုင်ငံတော်အစိုးရကကျခံပါတယ်။ အခြားသီးသန့်အရင်းအမြစ်များမှ ကျခံခြင်းမဟုတ်ကြပါ။
၁၉ရ၀ ခုနှစ်များက ကျောင်းသားများ စွမ်းဆောင်နိုင်မှုတွင် ထိုအချိန်ကရှိခဲ့တဲ့လူမှုစီးပွားရေးအနေအထားနှင့် ဆက်စပ်စွာ အရွယ်ပမာနကြီးကြီးမားမားရှိခဲ့သော်လည်း သင်ရိုးညွှမ်းတမ်းကိုပြန်လည်ပြုပြင်ပြီးတဲ့နောက်ပိုင်း မှာတော့ ၁၉၈၀ ခုနှစ်မှစတင်ပြီး ကျောင်းသားများကြားတွင် ထိုရှိခဲ့တဲ့စွမ်းဆောင်နိုင်မှုကွာဟချက်မှာ တဖြည်း ဖြည်း လျော့နည်းကျဆင်းလာခဲ့ပါတယ်။ PISA science scale သိပ္ပံစကေးအရ ၂၀၀၆ ခုနှစ်တွင် ဖင်လန်နိုင်ငံရှိ ကျောင်းများတွင် ကွာခြား မှုမှာ (၅) ရာခိုင်နှုန်းသာရှိပါတယ်။ အခြားသော OECD နိုင်ငံများတွင်ကျောင်းအချင်း ချင်း ကွာခြားမှုမှာပျမ်းမျှအားဖြင့် (၃၃) ရာခိုင်နှုန်းရှိပါတယ်။ ကျောင်းအချင်းချင်းကွာခြားမှုကြီးမားရခြင်းမှာ လူမှုရေးမတူညီမှု များကြောင့် အများအားဖြင့် ဖြစ်တာကိုတွေ့ရပါတယ်။
ဖင်လန်နိုင်ငံများစွမ်းဆောင်နိုင်မှု ခြုံငုံကွာခြားမှုမှာလည်း အခြားသော OECD နိုင်ငံများမှာထက် နည်းပါးတာကို တွေ့ ရပါတယ်။ ပညာရေးအဆင့်နိမ့်တဲ့နိုင်ငံများမှ ဖင်လန်နိုင်ငံထဲသို့ ပြောင်းရွှေ့ခိုဝင်လာသူများ သိသိသာသာတိုး များ လာနေတဲ့ကြားမှာပင် မကြာသေးတဲ့နှစ်များက အဲဒီလိုတွေ့နေခြင်းဖြစ်ပါတယ်။ အဲဒီလိုပြောင်းလာတဲ့ ကျောင်းသားတွေမှာဆိုရင် ဘာသာစကားနှင့်ယဥ်ကျေးမှုမတူကွဲပြားခြားနားမှုများကလည်း ရှိနေပါတယ်။ မ ကြာ သေးမှီ ကပြုလုပ်ခဲ့တဲ့ ခွဲခြမ်းစိတ်ဖြာလေ့လာချက်တစ်ခုအရ ကျေးလက်ဒေသရှိ ကျောင်းများတွင် ဘာသာစကား မတူ၊ ယဥ်ကျေးမှုမတူကွဲပြားသူများဝင်ရောက်ပါဝင်နေမှုမှာ (၅၀) ရာခိုင်နှုန်းအထိပင်ရှိပါတယ်။
ဖင်လန်နိုင်ငံသို့ခိုဝင်လာကြသူအများစုမှာ ဆွီဒင်နိုင်ငံမှဖြစ်သော်လည်းနောက်ပိုင်း ၁၉၉၀ ခုနှစ်မှစပြီးအရေအ တွက် များများ ခိုဝင်ပြောင်းလာတဲ့နိုင်ငံတွေကတော့ အာဖကန်နစ်စတန်၊ ဗောစနီးယား၊ အိန္ဒိယ၊ အီရန်၊ အီရတ်၊ ဆာဗီးယား၊ ဆိုမာလီးယား၊ တာကီ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများမှဖြစ်ကြပါတယ်။ အဲဒီလိုနိုင်ငံကူးပြောင်းလာသူ တွေပြောတဲ့ဘာသာစကားမှာ (၆၀) ကျော်ပါတယ်။ ဒါပေမဲ့ကျောင်းသားများရဲ့စွမ်းဆောင်နိုင်မှုတွေက တိုးတက် နေပြီ အချင်းချင်း ပိုတူညီတဲ့အနေအထားကိုရောက်ရှိလာကြပါတယ်။
ပြုပြင်ပြောင်းလဲရေးအတွက်သုံးတဲ့နည်းဗျူဟာများ
အထက်ဖော်ပြပါအနေအထားများကြောင့် ပညာရေးပြုပြင်ပြောင်းလဲရန် လူအများကဖင်လန်နိုင်ငံသို့ကူးပြောင်း လာကြပါတယ်။ လေ့လာသုံးသပ်မှုတစ်ခုတွင်အောက်ပါအတိုင်းဖော်ပြထားပါတယ်။
ဖင်လန်နိုင်ငံသို ခိုဝင်ပြောင်းပြီးပညာသင်သူတွေအများစုအတွက် ကျောင်းတွေဟာ ခန့်ထည်ပြီး တိတ်ဆိတ်စွာပ ညာကို လိုလိုလားလားသင်ယူနေတဲ့ကျောင်းသားများနှင့် အဆင့်မြင့်မားစွာလေ့ကျင့် တတ်မြောက်ထားတဲ့ ဆရာ တွေကိုတွေ့ရပါတယ်။ ကျောင်းတွေမှာ ကိုယ်ပိုင်လွတ်လပ်မှုရှိပြီးပျော်စရာကောင်းတာကိုလည်းခံစားရ ပါတယ်။ ကျောင်းနေ့စဥ်ဘဝမှာ ဗဟိုပညာရေး အုပ်ချုပ်မှုအဖွဲ့မှ ဝင်ရောက် တားဆီးပိတ်ပင်မှုအနည်းငယ်သာ ခံစားရပါ တယ်။ ကျောင်းသားများဘဝမှာတွေ့ လာတဲ့အခက်အခဲပြဿနာများကိုဖြေရှင်းနိုင်တဲ့စနစ်ကျတဲ့နည်း လမ်းများ ကို လည်းလေ့လာသင်ယူကြရပါတယ်။ ဖင်လန်နိုင်ငံမှခေါင်းဆောင်များဟာ ဆရာများပညာရေးမြင့်မားအောင် အင်အားကောင်းတဲ့ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့ပါတယ်။ ဆရာတိုင်းဟာ အရည်အသွေးမြင့်မားတဲ့ဘွဲ့အဆင့် ရတဲ့ အထိနိုင်ငံတော်အစိုးရရဲ့ ကုန်ကျစာရိတ်ဖြင့် လေ့ကျင့် ပေးပါတယ်။ ထိုအပြင် စဥ်းစားတတ်သောကျောင်းသား များဖြစ်အောင် လေ့ကျင့် ပေးနိုင်တဲ့သင်ရိုးကို အကောင်အထည်ဖော်နိုင်ရန် ဖန်တီးပြီး သင်ရိုးနှင့်ကိုက်ညီစွာ စစ် ဆေးတိုင်းတာမှုနည်းလမ်းများကိုလည်း ဆရာများအတွက်အဆင့်မြင့်မြင့် လေ့ကျင့်ပေးပါတယ်။ သိပ်မကြာသေး တဲ့အချိန်က ပြုလုပ်ခဲ့တဲ့ဖင်လန်ပညာရေးကိုခွဲခြမ်းစိတ်ဖြာလေ့လာမှုတစ်ခုတွင် ပင်မအားဖြင့် လိုက်နာတဲ့မူတွေ ကို အောက်ပါ အတိုင်းအနှစ်ချုပ်ဖော်ပြထားတာကိုတွေ့ရပါတယ်။
• လိုအပ်မှုအများဆုံးသူများအတွက် အရင်းအနှီးများရင်းနှီးဖို့။
• အထူးလိုအပ်ချက်များရှိသူတွေအတွက် အဆင့်မြင့်မားတဲ့အထောက်အပံ့တွေပေးဖို့။
• ဆရာများအရည်အသွေးကောင်းလာအောင်လေ့ကျင့်ပေးဖို့။
• ပညာရေးကို လိုအပ်သလိုအကဲဖြတ်သုံးသပ်ဖို့။
• ဗဟိုချုပ်ကိုင်မှုနှင့် ဗဟိုချုပ်ကိုင်မှုလျော့ချရေးတို့ကို မျှတဟန်ချက်မိဖို့တို့ကိုအလေးထားပါတယ်၊
ဖင်လန်နိုင်ငံမှာ ပြုလုပ်တဲ့ပြုပြင်ပြောင်းလဲရေးဖြစ်စဥ်မှာ အမေရိကန်ပြည်ထောင်စုတွင် ပြုလုပ်တဲ့ဖြစ်စဥ်နှင့် ပြောင်းပြန်နီးပါးဖြစ်ပါတယ်။ လွန်ခဲ့တဲ့အနှစ် (၄၀) က ပြင်ပစစ်ဆေးခြင်းကို အလေးထားခဲ့တဲ့ဖင်လန်နိုင်ငံဟာ သူ့ဒေသအလိုက်စစ်ဆေးတဲ့စနစ်သို့ပြောင်းလဲခဲ့ပါတယ်။ အဲဒီမှာ အဆင့်မြင့်မားစွာလေ့ကျင့်ထားတဲ့ဆရာတွေက နိုင်ငံကဦးတည်ချက်နှင့် ကိုက်ညီအောင်သင်ရိုးတွေကို ဖော်ထုတ်ခဲ့ကြပါတယ်။ အဲဒီပြုပြင်ပြောင်းလဲမှုဖြစ်စဥ်ကို သာတူညီမျှသောငွေကြေးအထောက်အပံ့ပေးခြင်းနှင့် ဆရာများအတွက် အထူးကျယ်ကျယ်ပြန့်ပြန် လေ့ကျင့်ပေး မှု ပြုလုပ်ခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုစနစ်ရဲ့နောက်ခံကျိုးကြောင်းဆင်ခြင်မှုကတော့ “ကျောင်းသားများအာလုံး ရဲ့လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရန်ဒေသအလိုက်ဆရာများနှင့် ကျောင်းများကိုဖန်တီးရာမှာရင်းနှီးမြှုပ်နှံရန်” ဖြစ်ပါတယ်။ ပြီးတော့ ချမှတ်ထားတဲ့ရည်မှန်း ချက်ပန်းတိုင်များကိုရောက်အောင်ဒေသအလိုက် ဆန်းသစ်တီထွင် နိုင်စွမ်းရှိသူများထွက်ပေါ်လာရေးနှင့် နိုင်ငံအနှံ့တန်းတူညီမျှစွာစွမ်းဆောင်နိုင်တဲ့လူသားအရင်းအမြစ်များဖြစ်လာ စေရန်ဖြစ်ပါတယ်။
ဖင်လန်နိုင်ငံမှာ ဖော်ပြပါဦးတည်ချက်များဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်နေတဲ့အချိန်မှာပင် အမေရိ ကန်ပြည်ထောင်စုတွင်ကျောင်းသားများတတ်မြောက်မှုကိုစစ်ဆေးရာတွင် ပြင်ပစစ်ဆေးတိုင်းတာမှုကို ပိုအလေး ထားလုပ်ဆောင်ခဲ့ပါတယ်။ သင်ရိုးညွှန်းတမ်းလက်လှမ်းမှီမှုမှာ မတူကွဲပြားမှုများဖြစ်စေပြီး ဒေသကျောင်းတွေမှာ မတူညီမျှတဲ့အခြေအနေများပိုဖန်တီးဖြစ်ပေါ်လာစေခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာပါဝင်တဲ့ပြည်နည်အများတွင် ကျောင်းသားများနှင့် ကျောင်းများအတွက်သုံးတဲ့ရင်းနှီး မြှုပ်နှံမှုတို့မှာ ထောက်ပံ့တံ့ငွေကြေးအားဖြင့် ဖြစ်စေ၊ လေ့ကျင့်ထားတဲ့ဆရာများအနေအထားအားဖြင့်ဖြစ်စေ၊ အတွေ့အကြုံများတဲ့ဆရာများ အလုပ်လုပ်ကိုင်နေမှုအနေအထားအရဖြစ်စေ၊ အခြေအနေမှာ အလွန်ဆိုးဝါးလာ ခဲ့ပါတယ်။ ဒါကြောင့် လူတွေက ကျောင်းတွေရဲ့စွမ်းဆောင်နိုင်မှုအပေါ် ယုံကြည်အားထားမှုများလျာ့ပါး လာခဲ့ကြ ပါတယ်။ သိပ်ပြီးမျှော်မှန်းထားတဲ့ရလဒ်များရဖို့ အလှန်းဝေးကွာလာခဲ့ရပါတယ်။ လေ့လာသုံးသပ်တဲ့ပညာရှင် Sahlberg ကတော့ ဖင်လန်နိုင်ငံရဲ့ပညာရေးတိုးတက်အောင် ချဥ်းကပ်တဲ့နည်းမှာ အမေရိကန်နိုင်ငံမှာ လုပ်ခဲ့တဲ့ ချဥ်းကပ်နည်းနဲ့ လုံးဝမတူကွဲပြားကြောင်း အောက်ပါအတိုင်း သဘောထားမှတ်ချက်ပေးခဲ့ပါတယ်။
“ဖင်လန်နိုင်ငံမှာပြုလုပ်တဲ့ပညာရေးပြုပြင်ပြောင်းလဲမှုကစနစ်တကျ နှစ်ပေါင်း (၃၅) နှစ်တိုင်ကြိုးစားလုပ်ဆောင် ချက် ဖြစ်ပါတယ်။ ကျောင်းအားလုံးမှာပညာသင်ကြားနေကြတဲ့ကျောင်းသားအားလုံးအတွက် အကောင်းဆုံးလေ့ ကျင့်သင်ကြားပေးနိုင်တဲ့တတ်ကျွမ်းတဲ့ဆရာတွေလေ့ကျင့်မွေးထုတ်ရေးအသေအချာရှိအောင်ဆောင်ရွက်ခဲ့ပါ တယ်။ အမေရိကန်မှာလိုစံပြုထားတဲ့စစ်ဆေးတိုင်းတာတဲ့စစ်ဆေးမှုများကို နောက်ဆုံးအဆင့်ရောက်မှသုံးပြီး ကျောင်းသားများရဲ့တတ်မြောက်မှုတိုးတက်ရေးနှင့် ကျောင်းအားလုံးကျဆုံးနေမှုကို ပြောင်းပြန် လှန်နိုင်လိမ့်မယ် လို့ မယုံကြည်ခဲ့ပါဘူး။ Sahlberg ကအထူးသဖြင့် Anglo-Saxon နိုင်ငံတွေမှာကျင့်သုံးခဲ့တဲ့ ပညာရေးပြုပြင် ပြောင်း လဲမှုစနစ်များကို ဖင်လန်နိုင်ငံက အသုံးမပြုခဲ့ကြောင်း ထောက်ပြခဲ့ပါတယ်။ စံပြု ထားတဲ့စစ် ဆေးတဲ့ သင်ရိုး ညွှန်းတမ်းစနစ်နှင့် ပြင်ပကစီစဥ်ထားတဲ့စံပြုစစ်ဆေးတိုင်းတာမှုတို့ကို ဖင်လန်နိုင်ငံမှာ မကျင့်သုံးခဲ့ပါ။ သင်ရိုး ညွှန်းတမ်းကို အခြေခံကျွမ်းကျင်မှုများသာဖြစ်တဲ့စာဖတ်ခြင်းနှင့်သင်္ချာဆိုင်ရာ ကျွမ်းကျင် မှုများသို့ ကျဥ်း မြောင်း အောင်ပြုလုပ်ခဲ့မှုကိုလည်း လက်ခံကျင့်သုံးခြင်းမရှိပါ။ ဆန်းသစ်တဲ့သင်နည်းဗျူဟာများကို လျော့သုံး တာ ကိုလည်း ဖင်လန်နိုင်ငံပညာရေးပြုပြင်ပြောင်းလဲမှုမှာလက်မခံခဲ့ပါ။ အပြင်ပမှလာတဲ့ပညာရေးအတွေး အမြင် စိတ်ကူးများကိုလည်းမျက်စိမှိတ် လိုက်နာကျင့်သုံးခြင်းမပြုလုပ်ခဲ့ပါ။ ကျောင်းသားများ၊ ဆရာများနှင့် ကျောင်း များအတွက် ဆုလဒ်ချတာတွေ၊ အပြစ်ပေးအရေးယူတဲ့နည်းမျိုးတွေကိုလည်း လက်ခံကျင့် သုံးခြင်းမရှိပါဘူး။
မိမိနိုင်ငံတွင်းမှာပင် စွမ်းဆောင်ရည်မြင့်မားပြီး ဆန်းသစ်ပညာရေးစိတ်ကူးများ၊ ပညာရေးပြဿနာဖြေရှင်း နည်းများ၊ အဆင့်မြင့်စွာချမှတ်ထားတဲ့ပညာရေးမူ ဝါဒများအပေါ် တာဝန်ရှိရှိ တာဝန်သိသိ လိုက်နာကျင့်သုံး တဲ့မူ ကို လက်ခံကျင့်သုံးခဲ့ပါတယ်။
ဖင်လန်နိုင်ငံပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာမူဝါဒများ
ဖင်လန်နိုင်ငံပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာမူဝါဒများမှာ စနစ်တကျ ရာစုနှစ် လေးခုကြာအောင် ပြုလုပ်ခဲ့တဲ့ ရလဒ်ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုများမှာ ရည်ရွယ်ချက်ရှိရှိစဥ်းစားလုပ်ဆောင်မှု၊ မတူကွဲပြားမှုများပေါင်း စပ် ပြီးဖွံ့ဖြိုးတိုးတက်အောင်ရှေ့ရှုဆောင်ရွက်မှု၊ ဖင်လန်နိုင်ငံတွင်းမှာ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်လေး စား တန်ဖိုးထားမှု၊ တို့ရှိလာအောင် ဦးတည်ပါတယ်။ အထူးသဖြင့် ထို သဘောတရားများပညာရေးနယ်ပယ် တွင် အလေးထားကျင့်သုံးလာစေရန်ဦးတည်ချက်ထားပါတယ်။ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ်မှာ လူ တိုင်း အတွက်တူညီတဲ့အခွင့်အလမ်းများရရှိစေရေး၊ ရင်းမြစ်များကို ဖြန့်ဝေရာမှာ အပြိုင်ပြုလုပ်ပြီး အားသာသူ တွေကိုသာဖြန့်ဝေတာမျိုးမဟုတ်ဘဲ သာတူညီမျှဖြန့်ဝေရေး၊ မဖြစ်သင့်တာတွေဖြစ်မလာအောင်စောစောစီးစီး ကြိုတင်ကာကွယ်ရေး၊ ပညာရေးမှာပါဝင်လုပ်ဆောင်နေကြတဲ့လက်တွေ့ကျင့်သုံးသူတွေ၊ အထူးသဖြင့် ဆရာများ ကြားမှာ အပြန် အလှန်ယုံကြည်မှုကို တဖြည်းဖြည်းထူထောင်တည်ဆောက်ရေးတို့ကိုအလေး ထား ဆောင်ရွက်ခဲ့ ပါတယ်။
ဖင်လန်နိုင်ငံတွင် သင်ယူဖို့အတွက်လူတိုင်းအခွင့်အလမ်းတန်းတူရှိရေးကို အထောက်အပံ့ပေးရာမှာ အခြေခံငွေ ကြေးထည့်ဝင်မှုဖြင့်သာမက နည်းလမ်းမျိုးစုံဖြင့် ပါဝင်ကူညီကြပါတယ်။
ဖင်လန်နိုင်ငံရှိကျောင်းတွေမှာများသောအားဖြင့်အရွယ်သေးငယ်ကြပါတယ်။ ကျောင်းသူကျောင်းသား (၃၀၀) အောက်သာရှိတာများပြီးအတန်းတစ်တန်းမှာဆိုရင်လည်းကျောင်းသား (၂၀) သာရှိပြီး တန်းတူညီစွာ လိုအပ်တဲ့ ပစ္စည်းများပြည့်စုံစွာရှိနေအောင်စီစဥ်ထားပေးပါတယ်။ ကျောင်းသားများကို ပညာရေးရှုထောင့်အရနှင့် လူသား တစ်ယောက်ချင်းရှုထောင်မှနေပြီး ကူညီစောင့်ရှောက်ခြင်းဆိုတာ ကျောင်းတိုင်းမှာကျင့်သုံးတဲ့ဗဟိုအချက်အချာ ကျတဲ့မူဖြစ်ပါတယ်။ ကျောင်းသားတိုင်းဟာ နေ့စဥ်အစားအစာကို အခမဲ့ကျောင်းတွေမှာ စားသောက်ရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု၊ အိမ်မှကျောင်းခရီးသွားလာရာတွင်ခရီးစာရိတ်၊ သင်ယူမှုပစ္စည်းများ၊ ကျောင်းမှာ ပေးတဲ့အကြံပေးလုပ်ငန်းအစီအစဥ်တွေမှာ အားလုံးအခမဲ့ဖြစ်အောင်စီစဥ်ပေးထားပါတယ်။ အဲဒီလိုအားလုံး စီစဥ်ပေးခြင်းက သင်ကြားသင်ယူမှုအတွက်အခြေခံကောင်းဖြစ်အောင်ဖန်တီးပေးခြင်းဖြစ်ပါတယ်။ အဲဒီလို ပံ့ပိုးပေးမှုများအပြင် အရည် အသွေးရှိတဲ့သင်ရိုးညွှန်းတမ်းရရှိရေးနှင့် အရည်အသွေးကောင်းတဲ့ဆရာများရရှိ ရေး တို့ကိုလည်းဖင်လန်ပညာရေးမှာအချက်အချာကျတဲ့မူများဖြစ်ပါတယ်။
သင်ရိုးညွှန်းတမ်းမှာပါဝင်တဲ့အကြောင်းအရာများနှင် လက်လှမ်းမှီမှုမြှင့်တင်ပေးခြင်း
၁၉၇၀ ခုနှစ်မှစပြီးဖင်လန်နိုင်ငံတွင် ကျောင်းသားများကို မတူတဲ့လုပ်ငန်းတွေပေးပြီးစစ်ဆေးလျက်ရမှတ် အပေါ် အခြေပြုလျက် ကျောင်းသားများကို ခွဲခြားတဲ့စနစ်ကို မကျင့်သုံးတော့ဘဲ အားလုံးတန်းတူပညာရေးအခွင့်အလမ်း ရအောင်စီစဥ်ပေးခဲ့ပါတယ်။ စာမေးပွဲစစ်ဆေးတဲ့စနစ်ကိုလည်းဖျက်သိမ်းခဲ့ပါတယ်။ အဲဒီလို ပြုလုပ်တဲ့အစီအ စဥ်ကို ၁၉၇၂ ခုနှစ်နှင့် ၁၉၈၂ ခုနှစ်တို့မှာအဆင့် (၂)ဆင့်ဖြင့် ပြုလုပ်ခဲ့ပါတယ်။ အထက်တန်းကျောင်းပညာရေး အဆင့်မှစပြီးအားလုံးတူညီတဲ့သင်ရိုးညွှန်းတမ်းကို စနစ်တစ်ခုလုံးမှာ စတင်အကောင် အထည်ဖော်ခဲ့ပါတယ်။ အဲဒီ လိုလုပ်ခဲ့တဲ့ရည်ရွယ်ချက်ကတော့ ပညာရေးစနစ်က မွေးထုတ်လိုက်သူတွေမှာ ပညာရေးစွမ်းဆောင်ရည် သာတူ ညီမျှရှိဖို့နှင့် တက္ကသိုလ်အဆင့် ပညာရေးကို ပိုလက်လှမ်းမှီပြီးတက်ရောက်နိုင်ခွင့်ရစေရန်ဦးတည်ပါတယ်။ အဲဒီ လိုပြုပြင်ပြောင်းလဲမှုများပြုလုပ်နေတဲ့အချိန်မှာ မိသားစုများအတွက်လည်းလူမှုရေးအထောက်အပံ့များ ပေးခဲ့ ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု၊ သွားကျန်းမာရေးစောင်ရှောက်မှု၊ အထူပညာရေးဝန်ဆောင်မှုများနှင့် အိမ်မှကျောင်း၊ ကျောင်းမှအိမ် ခရီးသွားလာစာရိတ်များထောက်ပံ့မှုများပါဝင်ပါတယ်။
၁၉၇၀ ခုနှစ်နောက်ပိုင်းနှစ်များတွင်ဆရာများအရည်အသွေးမြင့်မားအောင်ဆောင်ရွက်မှုမှာ အလေး ထားလုပ် ဆောင်မှုတစ်ခုဖြစ်လာပါတယ်။ ဆရာများပညာရေးကိုမြှင့်တင်ပြီး ကျယ်ပြန့်အောင် တိုးချဲ့လုပ်ဆောင်ခဲ့ပါတယ်။ မူဝါဒ ချ မှတ်သူတွေအနေဖြင့် ကျွမ်းကျင်မှုမြင့်တဲ့ဆရာတွေဖြစ်လာအောင်ရင်းနှီးမြှုပ်နှံရင် ဒေသအလိုက်ရှိနေတဲ့ ကျောင်း တွေအနေဖြင့် သူတို့ကိုယ်တိုင် ဘာတွေကိုဘယ်လိုသင်ရေးနှင့်ပတ်သက်ပြီး အရေးကြီးတဲ့ဆုံးဖြတ် ချက်များချ နိုင်စွမ်းတွေဖြစ်လာလိမ့်မယ်လို့ယုံကြည်ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီလိုရှုမြင်ဆုံးဖြတ်လုပ်ဆောင်မှုမှာ ဖိအားပေးစစ်ဆေးခြင်း၊ ဗဟိုကသာချုပ်ကိုင်လုပ်ဆောင်စေတဲ့စနစ်ကို တော်လှန်လိုက်တဲ့လုပ်ဆောင်မှုဖြစ်ပါ တယ်။ ဗဟိုချုပ် ကိုင် လည်ပတ်တဲ့စနစ်တစ်ခုလုံးကို အစက စတင် ပြုပြင်ပြောင်းလဲ လိုက်တာဖြစ်ပါတယ်။
အထက်ပါအတိုင်းအရင်ရှိနေတဲ့ဗဟိုချုပ်ကိုင်တဲ့စနစ်ကို ပြောင်းပြန်လှန် လိုက်တဲ့ပြုပြင်ပြောင်းလဲမှုက ကောင်း ကျိုးများဖြစ်လာစေတာကိုတွေ့ရပါတယ်။ ၁၉၉၀ ခုနှစ်တွင်အဆင့်မြင့်မားစွာလည်ပတ်တဲ့သင်ရိုးညွှန်းတမ်း ပြု ပြင် လည်ပတ်ရေးစနစ်ကပြီးသွားခဲ့ပါတယ်။ အရင်ကျင့်သုံးခဲ့တဲ့သင်ရိုးညွှန်းတမ်းလမ်းညွှန်မှာစာမျက်နှာပေါင်း (၇၀၀) ကျော်ရှိခဲ့ရာမှ ပြောင်းလဲဖော်ထုတ်လိုက်တဲ့ပင်မသင်ရိုးညွှန်းတမ်းမှာ သင်ယူသူများအတွက်အဆင်ပြေ အောင် စီစဥ်ထားတဲ့မှတ်တမ်းတစ်ခုဖြစ်လာပါတယ်။ ဥပမာသင်္ချာဘာသာရပ်အတွက် လမ်းညွှန်ချက်များမှာ စမျက်နှာ (၁၀) မျက်နှာထက်ပင်နည်းသွားပါတယ်။ အဲဒီမှာ ပါတဲ့လမ်းညွှန်ချက်အရ ဒေသအလိုက်ဆရာတွေဟာ ပူးပေါင်းပြီးဒေသအလိုက်ဆီလျော်တဲ့သင်ရိုးများဖော်ဆောင်ပြီး စစ်ဆေးတိုင်းတာမှုများပြုလုပ်ရန် ပါပါတယ်။ ၁၉၉၀ ခုနှစ်မှာပြုလုပ်တဲ့သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲရေးမှာ သိပ္ပံ၊ တက်ကနော်လော်ဂျီ၊ ဆန်းသစ်တီထွင်မှု ပိုင်းတို့ကို အလေးထားပါတယ်။ ကျောင်းသားများကိုသင်ပေးတဲ့အခါမှာလည်း ဆန်းသစ်စွာစဥ်းစားတတ်အောင် နှင့် မိမိတို့သင်ယူမှုကို မိမိတို့ကိုယ်တိုင် စီမံခန့်ခွဲနိုင်ရေးကို အလေးထားပါတယ်။
ဖင်လန်နိုင်ငံတွင်ကျောင်းသားများတတ်မြောက်မှုကိုစစ်ဆေးရန်ပြင်ပမှယူလာတဲ့စံပြုစစ်ဆေးလွှာဆိုတာမျိုးမရှိတော့ပါ။ ကျောင်းသားများသင်ယူတတ် မြောက်မှုနဲ့ပတ်သက်တဲ့ သဘောထားမှတ်ချက်များကို ဆရာများက စာ ဖြင့် ရေးပြီးပေးတဲ့ပုံစံကိုသုံးလာကြပါတယ်။ အဲဒီလိုဖော်ပြတဲ့အခါ ကျောင်း သားများရဲ့ သင်ယူမှုတိုးတက်မှုနှင့်ပို တိုး တက်အောင် လုပ်ဆောင်ရမဲ့အပိုင်းတို့ကိုစာဖြင့် ရေးသားဖော်ပြလေ့ရှိကြပါတယ်။ အမေရိကန်ပြည် ထောင်စုမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပတဲ့ NAEP စာမေးပွဲများမှာလိုပင် ကျောင်းသားနမူနာ တစ်ချို့ကိုယူပြီး ဒုတိယတန်းနှင့် နဝမတန်းအဆုံးမှာ စစ်ဆေးမှူကိုပြုလုပ်ပါတယ်။ အဲဒီ လိုလုပ်လို့ရလာတဲ့ တွေ့ရှိ ချက်များကို သင်ရိုးညွှန်းတမ်းနှင့် ကျောင်းများအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖွဲ့သို့ အကြောင်းကြားပါတယ်။ အဲဒီမှာအလေးထားဆောင်ရွက်တာကတော့ ကျောင်းသားများကိုအပြစ်ပေးအရေး ယူဖို့ မဟုတ်ဘဲ ပိုကောင်းစွာ သင်ယူနိုင်စေရေးနှင့် ပြဿနာများဖြေရှင်းနိုင်စွမ်း တိုးတက်လာစေရန်ရလာတဲ့ သတင်းအချက်အလက်များကို သုံးရန်ဖြစ်ပါတယ်။
ဖင်လန်နိုင်ငံတွင်တက္ကသိုလ် မတက်မှီ အကြိုစစ်ဆေးတဲ့စာမေးပွဲတစ်ခုကိုတော့ ထိန်းထားပါတယ်။ တက္ကသိုလ် ဝင်တန်းစာမေးပွဲလိုဖြစ်ပါတယ်။ အဲဒီစာမေးပွဲကိုတော့ ပညာရေးဝန်ကြီဌာနကခန့်အပ်ထားတဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲစစ်ဆေးရေးဘုတ်အဖွဲ့လို့ခေါ်ပါတယ်။ အဲဒီလိုလုပ်ဆောင်တာကတော့ လုပ်နေကျလုပ်ငန်းတစ်ခုဖြစ်ပါ တယ်။ အဲဒီစစ်ဆေးမှုမှာကျောင်းသားတွေက ပြဿနာဖြေရှင်းခြင်း၊ ပိုင်းခြားစဥ်းစားသုံသပ်ခြင်းနှင့် အရေးအ သားစွမ်းရည်များကို ပြသရပါတယ်။ ဆရာတွေက တရားဝင်သတ်မှတ်ပေးထားတဲ့လမ်းညွှန်ချက်များနှင့်အညီ ဒေသအလိုက် စစ်ဆေးပါတယ်။ ရလာတဲ့ရမှတ်အဆင့်များထဲမှ နမူနာတစ်ချို့ကို ယူပြီး စာမေးပွဲစစ်ဆေးရေး ဘုတ်အဖွဲ့က ငှားရမ်းတဲ့ တတ်သိကျွမ်းကျင်သူ စစ်ဆေးရေးမှုးများက စစ်ဆေးပါတယ်။ စံပြုထားတဲ့ပြင်ပစစ် ဆေးမှုကို တာဝန်ခံမှုအတွက် ကျင့်သုံးတဲ့စနစ်ကို ဆန့်ကျင်တဲ့အလေ့အကျင့်အဖြစ် ဖင်လန်နိုင်ငံတွင် ကျောင်းအ ခြေပြု၊ ကျောင်းသားဗဟိုပြု၊ ဆန်းသစ်စွာစဥ်းစားမှုကိုအားပေးတဲ့စစ်မေးမှုကို ကျောင်းသားများကဖြေဆိုရ ပါတယ်။ ထိုစစ်ဆေးချက်များမှာသင်ရိုးမှာပါတဲ့အရေးပါတဲ့အကြောင်း အရာများ ကိုအခြေတည်ထားပါတယ်။ အဲဒီလို စီစဥ်ထားတာကလည်းနိုင်ငံတစ်ခုအနေနှင့် အပြည်ပြည်ဆိုင်ရာစာမေးပွဲ တွင် အောင်မြင်မှုရှိစေရန်စီစဥ် ထားခြင်းပင်ဖြစ်ပါတယ်။
ဖင်လန်နိုင်ငံမှာကျင့်သုံးတဲ့သင်ရိုးညွှမ်းတမ်းက ဆရာများအတွက် တိကျတဲ့အတန်းတွေအတွက် စစ်ဆေး တိုင်းတာရန်စံများကို ထောက်ခံထားချက်များပေးထားပါတယ်။ နှစ်ဆုံးတဲ့အခါ အားလုံးခြုံပြီးပေးထားပါတယ်။ ဒါကြောင့် ဒေသဆိုင်ရာကျောင်းတွေမှဆရာတွေအနေဖြင့် ထိုပေးထားတဲ့ရည်ညွှန်းဖော်ပြချက်များကိုကျောင်း အလိုက် ကောင်းတဲ့ရလဒ်များရအောင် ပြင်ဆင်ကြပါတယ်။ ဖင်လန်နိုင်ငံလုံးဆိုင်ရာစာမေးပွဲစစ်ဆေးတဲ့ ဘုတ် အဖွဲ့အနေဖြင့် ကျောင်းသားများကို စစ်ဆေးခြင်းရဲ့ရည်ရွယ်ချက်မှာကျောင်းသားများအနေဖြင့် မိမိတို့ကိုယ်တိုင် ပြန်လည်စစ်ဆေးသုံးသပ်နိုင်စေရန်ဖြစ်ပါတယ်။ ဆရာတွေကကျောင်းသားများအားသင်ကြားနေစဥ်စစ်ဆေးမှုနှင့် သင်ကြားအပြီးစစ်ဆေးမှုရလဒ်များကို ပေးပါတယ်။ အဲဒီမှာ ဆရာများက သဘောထားမှတ်ချက်များကို စာဖြင့် ရေးပေးသလိုပင် နှုတ်ဖြင့်လည်းရှင်းလင်းပြောပြပေးပါတယ်။ ဖင်လန်နိုင်ငံမှာ စူးစမ်းလေ့လာခြင်းကို အား ပေး ခြင်းမှာအဓိအလေးထားမှုဖြစ်ပါတယ်။ တတ်မြောက်မှုစစ်ဆေးခြင်းတို့မှာ ကျောင်းသားများတွင်တက်ကြွစွာ သင်ယူနိုင်မှုဆိုင်ရာကျွမ်းကျင်မှုများတိုးတက်လာစေရန်ဖြစ်တဲ့အတွက်အဖွင့်မေးခွန်းမျာ မေးတတ်ပြီး ဆရာများ က ကျောင်းသားများကိ လိုအပ်သလို ကူညီလမ်းညွှန်ကြပါတယ်။
ဖင်လန်နိုင်ငံကျောင်းတွေမှာဆိုရင်အတန်းထဲမှာဆရာကအတန်းရှေ့ဘက်မှာရပ်လျက် ကျောင်းသားများကို မိနစ် (၅၀)ခန့် ဟောပြောနေတာမျိုးတွေ့ခဲပါတယ်။ ကျောင်းသားတွေဟာ သက်ဆိုင်ရာဘာသာရပ်အလိုက် သက် ဆိုင်ရာဆရာများနှင့်အတူတူ သတင်းတစ်ပတ်အတွက် သင်ယူစရာများကိုသတ်မှတ်တတ်ကြပါတယ်။ ပြီးတော့ သူတို့ လုပ်ဆောင်မဲ့လုပ်ငန်းနဲ့ လုပ်ဆောင်မဲ့နှုန်းထားတွေကိုလည်းသူတို့ကိုယ်တိုင်ရွေးချယ်သတ်မှတ်ကြပါတယ်။ ပုံမှန်အတန်းတစ်ခုမှာဆိုရင် ကျောင်းသားတွေဟာအတန်းထဲမှာ လမ်းလျောက်ရင်းသတင်းများဖြန့်ဝေခြင်း၊ အ လှည့်ကျသတင်းများဖြန့်ဝေခြင်း၊ ဆရာကိုမေးခွန်းများမေးခြင်း၊ အဖွဲ့ငယ်လေးတွေမှာ ကျောင်းသားများစုပြီး အတူတူ အလုပ်လုပ်နေတာမျိုးတွေကိုသာတွေ့ရမှာဖြစ်ပါတယ်။ ကျောင်းသားတွေဟာ သူတို့လုပ်ဆောင်နေတဲ့ ပရောဂျက်ကိုပြီးအောင်လုပ်နေခြင်း၊ အဖွဲ့လိုက်လုပ်ဆောင်နေတဲ့ပရောဂျက်ပြီးအောင်လုပ်နေခြင်း၊ ကျောင်းမဂ္ဂ ဇင်းမှာထည့်ရန်ဆောင်းပါးရေးနေခြင်းစတာမျိုးတွေပြုလုပ်နေတတ်ကြပါတယ်။ကိုယ်အားကိုယ်ကိုးလုပ် ဆောင် မှုနှင့် တက်ကြွစွာသင်ယူမှုကိုအားပေးခြင်းကြောင့် ကျောင်းသားတွေမှာ မိမိဘယ်လိုသင်ယူ နေကြောင်းသိတဲ့ ကျွမ်းကျင်မှုများတိုးတက်လာစေပါတယ်။ အဲဒီလို မိမိစဥ်းစားနေမှုကိုသိရာမှာ သူတို့တွေ့ကြုံနေတဲ့ပြဿနာကို သူတို့ကိုယ်တိုင်ဖြေရှင်ခြင်း၊ သူတို့လုပ်ဆောင်နေတဲ့အလုပ်ကို ပိုကောင်း အောင် ပြုလုပ်ခြင်း၊ သုံးသပ်ခြင်းနှင့် သူတို့ လုပ်နေတဲ့သင်ယူများကို ပို ကောင်းအောင်၊ ထိရောက်အကျိုးရှိအောင် လုပ်ဆောင်နိုင်လာစေပါတယ်။
မိတ်ဆွေများ --ဖင်လန်နိုင်ငံပညာရေးပြုပြင်ပြောင်းလဲမှုမှာ သင်ခန်းစာယူးနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
No comments:
Post a Comment