Monday, February 3, 2025

အကြမ်းမ ဖက်တဲ့အပြန်အလှန်ဆက်သွယ်ပြောဆိုခြင်းအလေ့အကျင့် (၃) ခု Food for Thought 887

 May be a graphic of textဒီနေ့လူအချင်းချင်းပြောဆိုမှာ အဆင်ပြေအောင်မြင်ဖို့အတွက် “အကြမ်းမ ဖက်တဲ့အပြန်အလှန်ဆက်သွယ်ပြောဆိုခြင်းအလေ့အကျင့် (၃) ခု” အကြောင်းကို Food for Thought 887 အဖြစ်မျှဝေလိုက်ပါတယ်။

အကြမ်းမဖက်တဲ့အပြန်အလှန်ဆက်သွယ်ပြောဆိုခြင်းအလေ့အကျင့် (၃) ခု
အကြမ်းမဖက်တဲ့အပြန်အလှန်ဆက်သွယ်ပြောဆိုရေးဟာ လူအချင်းချင်းအပြန်အလှန် ဆက်သွယ်ရေးမှာ အလွန်အရေးကြီးပါတယ်။ ကလေးတွေကို လေ့ကျင့် ပျိုးထောင်ပေး တဲ့ နေရာမှာလည်းအလွန်အသုံးဝင်ပါတယ်။ အသင်းအဖွဲ့နဲ့အလုပ်လုပ်တဲ့အခါမှာလည်း လုပ်ငန်းထိရောက်အောင်မြင်ရေးအတွက်အရေးပါပါတယ်။

အကြမ်းမဖက်တဲ့အပြန်အလှန်ဆက်သွယ်ပြောဆိုရေးတွင် ပင်မအားဖြင့် လိုက်နာကျင့် သုံးတဲ့ အလေ့အကျင့် (၃)ခုရှိပါတယ်။ ထိုအလေ့အကျင့် (၃)ခုတို့မှာအောက်ပါတို့ဖြစ်ပါ တယ်။

၁။ မိမိအခြေအနေကိုသိနားလည်ခြင်းဆိုတဲ့မိမိနှင့်ဆက်သွယ်မှုရှိခြင်း၊

၂။ အခြားသူပြောနေတာကို သူ့နေရာမှဝင်ပြီးနားလည်အောင်နားထောင်ပေးခြင်းနှင့်၊

၃။ ရိုးသားဖြောင့်မတ်မှန်ကန်ပြီး ဂရုတစိုက် ဆက်သွယ်ပြောဆိုခြင်းတို့ဖြစ်ပါတယ်။

၁။မိမိအခြေအနေကိုသိနားလည်ခြင်းဆိုတဲ့မိမိနှင့်ဆက်သွယ်မှုရှိခြင်း၊

အခြားလူတွေနှင့်အပြန်အလှန်ဆက်သွယ်ပြောဆိုမှုမဖြစ်ခင်ကျွန်ုပ်တို့အနေဖြင့်မိမိမှာရှိနေတဲ့စိတ်လှုပ်ရှားခံစားနေမှုအခြေအနေကိုသိနေပြီး စိတ်ကိုလှုံ့ဆော်နေတာတွေကို စိတ် လိုက်မာန်ပါမတုံ့ပြန်မိအောင်ထိန်းသိမ်းဖို့လိုအပ်အပ်ပါတယ်။ အကြမ်းမဖက်တဲ့အပြန် အလှန်ဆက်သွယ်ပြောဆိုရေးမှာလူတွေသူတို့မှာဖြစ်နေတဲ့စိတ်လှုပ်ရှားခံစားမှုတွေကို သိ နားလည်အောင်နှင့်စိတ်လှုပ်ရှားခံစားမှုနှင့် အတွေးစိတ်ကူးတို့ ဘယ်လိုကွားခြား ကြောင်း သိနားလည်အောင် ကူညီရာမှာ စွမ်းအားကောင်းတဲ့နည်း လမ်းတစ်ခုဖြစ်ပါတယ်။ အဲဒီ လိုခွဲခြားနိုင်တဲ့အခါမှာ မိမိနှင့်အခြားလူရဲ့စိတ်ထဲမှာ ဖြစ်နေတာတွေကိုရှင်းလင်း စွာသိ လာစေပါတယ်။ အကြမ်းမဖက်တဲ့အပြန်အလှန်ဆက်သွယ်ပြောဆိုရေးရဲ့ထူးခြားတဲ့အချက်မှာလူသားတွေမှာဖြစ်နေတဲ့စိတ်လှုပ်ရှားခံစားမှုတွေ၊ စဥ်းစားမှုတွေနှင့်ရွေးချယ်မှုတွေကဘယ်လို လို အပ်မှုတွေကြောင့် ဖြစ်နေကြောင်းနှင့် လေးနက်စွာနားလည်လာစေပါတယ်။

မိမိမှာဖြစ်နေတဲ့ခံစားမှုများနှင့် လိုအပ်ချက်များကိုသိနားလည်ခြင်းကြောင့် စိတ်မှာဖြစ် တဲ့ စိတ်လှုပ်ရှားခံစားမှုများက ပြင်းထန်မှုလျော့ကျလာပြီး မိမိကိုယ်မိမိထိန်းသိမ်းနိုင်လာ စေပါတယ်။ ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ပိုပြီးစဥ်းစဥ်းစားစားချင့်ချိန်ရွေးချယ်နိုင်လာ စေပါတယ်။ အဲဒီလို မိမိအခြေအနေကိုသိအောင် လေ့ကျင့်မှုကို ပုံမှန် လေ့ကျင့် မှုများ လာတဲ့အခါ စိန်ခေါ်မှုရှိတဲ့အခြေအနေတွေမှာမိမိရဲ့စိတ်လှုပ်ရှားခံစားမှုတွေကို ဖိနှိပ်ချုပ် ခြယ်ခြင်းမပြုလုပ်ဘဲ ထိန်းသိမ်းနိုင်လာစေပါတယ်။ အဲဒီလို မိမိကိုယ်မိမိသိနားလည်နေ အောင် လေ့ကျင့်ထားပါက မိမိတို့ရဲ့တုံ့ပြန်နေမှုတွေဟာ အကျင့်ပါနေတဲ့အတွက် ဖြစ်လာ တဲ့တုံ့ပြန်မှုတွေလား၊ သို့မဟုတ် ပုဂ္ဂလ်စွဲ ဘက်လိုက်အမြင်ကြောင့် ဖြစ်လာတဲ့ရလဒ် လား ဆိုတာကို သိနိုင်စေပါတယ်။ အဲဒီလိုမိမိအခြေအနေကို ပိုင်းခြားနားလည်မှုကြောင့် မိမိ ကိုယ်မိမိထိန်းသိမ်နိုင်စွမ်းအားကောင်းလာစေပြီး ထစ်ခနဲဆို ဒူးခေါင်းကို ခေါက်လိုက် ရင် ခြေထောက်ကဆပ်ကနည်း မြောက်တက်လာတဲ့တုံ့ပြန်မှု (knee-jerk reactions)တွေ နှင့် အခြားသူကိုဝေဖန်ပြစ်တင်တဲ့ပြောဆိုချက်တွေကိုလျော့ကျလာစေပါတယ်။ တုံ့ပြန် ချက် များက မိမိလိုအပ်ချက်များ၊ တန်ဖိုးထားမှုများနှင့် ကိုက်ညီတဲ့တုံ့ပြန်မှုများဖြစ်လာ အောင် ထိန်းသိမ်းနိုင်လာစေပါတယ်။

“မိမိကိုယ်မိမိဝေဖန်ပြစ်တင်နေမှုတွေကလည်း အခြားသောအပြစ်တင်နေမှုများကဲ့သို့ပင် လိုအပ်ချက်များမပြည့်မှုကြောင့် ဖြစ်လာတဲ့ ဝမ်းနည်းစရာကောင်းတဲ့ဖော်ပြချက်များ သာ ဖြစ်ကြပါတယ်”။ လို့ အကြမ်းမဖက်တဲ့အပြန်အလှန်ဆက်သွယ်ပြောဆိုရေး နည်း လမ်းကိုစတင်ဖေါ်ထုတ်ရေးသားခဲ့သူ — Marshall Rosenberg က A Language of Life တွင်ဖော်ပြခဲ့ပါတယ်။

၂။ အခြားသူပြောနေတာကို သူ့နေရာမှဝင်ပြီးနားလည်အောင်နားထောင်ပေးခြင်း

အကြမ်းမဖက်တဲ့အပြန်အလှန်ဆက်သွယ်ပြောဆိုရေးနည်းလမ်းက ပြောနေသူတွေပြော နေတာကိုကောင်းစွာနားလည်အောင်နားထောင်နိုင်သူများဖြစ်အောင် လမ်းညွှန်ပြပေးပါ တယ်။ အဲဒီလိုကောင်းစွာနားထောင်တဲ့အတွက်အပြန်အလှန်ဆက်ဆံရေးကောင်းမွန်တိုး တက်လာစေပါတယ်။ အခြားသူတွေနေရာမှဝင်ပြီးစာနာထောက်ထားတတ်တဲ့ စိတ်ထား ဟာခေါင်းဆောင်ကောင်းတွေမှာမရှိမဖြစ်လိုအပ်တဲ့စွမ်းရည်ဖြစ်ကြောင်း သတ်မှတ်ထား ကြပါတယ်။ ထောက်ထားစာနာမှုကို နားထောင်နေရင်းပြနိုင်ပြီး ပြောနေတာကို နားလည် ကြောင်း ပြသနိုင်ပါတယ်။ ထောက်ထားစာနာတဲ့စိတ်နဲ့နားထောင်ခြင်းဆိုတာ အခြားလူ ပြောနေတာကို အမှန်နားလည်လိုတဲ့စိတ်ဝင်စားမှုနှင့်ဘယ်လို လိုအပ်ချက်များ ရှိနေလို့ ထိုသို့ပြောနေတယ်ဆိုတာကို အမှန်တကယ်နားလည်ချင်တဲ့စိတ်နဲ့နားထောင်ပေး တာဖြစ် ပါတယ်။ အဲဒီလိုနားထောင်နိုင်ဖို့မှာ ရိုးရှင်းသလောက်စိန်ခေါ်မှုများစွာရှိပါတယ်။ အဲဒီလို နားထောင်နိုင်ဖို့အတွက်ပြောနေသူအပေါ်အာရုံအပြည့်ထားနားထောင်ရန်လိုအပ်ပါတယ်။ သူနေရာမှဝင်ကြည့်မြင်ရန် လိုအပ်ပါတယ်။ အဲဒီလိုနားထောင်နိုင်ဖို့အတွက်မိမိ တို့ မှာ ရှိနေတဲ့ ကြိုတင်မှန်းဆချက်များ၊ အကဲဖြတ်သုံးသပ်မှုများကိုလုံးဝဘေးဖယ်ထား ရန် လိုအပ်ပါတယ်။ ပြောနေတာကို ချက်ခြင်းတုံ့ပြန်ချင်တဲ့စိတ်ကို ထိန်းရတာ ပိုတောင် ခက် ခဲပါတယ်။ ပြောနေသူရဲ့အတွင်းစိတ်သဘောကိုသိနားလည်အောင်ပြုလုပ်ရန်လိုအပ် ပါ တယ်။ ပြောနေသူအနေဖြင့် လောကကိုဘယ်လိုမြင်နေကြောင်းသိအောင်အားထုတ် ဖို့ လိုအပ်ပါတယ်။ပြောနေသူမှာဘယ်လိုခံစားနေရပြီး ဘယ်လိုစိတ်လှုပ်ရှားခံစားမှုတွေဖြစ် နေကြောင်းသိ အောင်ပြုလုပ်ရန် လိုအပ်ပါတယ်။ အဲဒီလိုဖြစ်နေတဲ့စိတ်ခံစားမှု၊ စိတ်လှုပ် ရှားခံစားနေရမှုများ အမှန်အတိုင်းနားလည်အောင်နားထောင်နိုင်ရန်လိုအပ်ပါတယ်။ ပြော နေသူရဲ့စိတ်ခံစားမှုများအပေါ် နားလည်ရာမှာ သေးသိမ်စေတဲ့အမြင်၊ သနားတဲ့အ မြင် များနှင့်၊ လစ်လျူရှုတဲ့အနေအထားများကင်းရန် လိုအပ်ပါတယ်။

အဆင့်မြင့်မားစွာနာထောင်ခြင်းခြင်းဆိုတာ ပြောနေသူစိတ်ထဲမှာ သူပြောနေတာကို နားထောင်သူကလေးနက်စွာနားလည်ပြီးပြောတာကို သိသွားတယ်လို့စိတ်မှာ ခံစားမှု ဖြစ်စေပါတယ်။ အဲဒီလိုစိတ်မှာဖြစ်တဲ့အတွက် ပြင်းထန်တဲ့စိတ်လှုပ်ရှားခံစားမှုများနှင့် ပဋိပက္ခစိတ်များကို ပျက်ပြယ်သွားစေပြီး ရန်လိုမှုများလည်း ကျဆင်းသွားစေပါတယ်။ အဲဒီလိုနားထောင် ပေးခြင်းဖြင့် ပြောနေသူစိတ်ထဲမှာလည်း သူတို့ပြောနေတာကို ရှင်း လင်းစွာသိနားလည် အောင် အထောက်အကူဖြစ်စေပါတယ်။ သူတို့ကိုယ်တိုင်ဖြေရှင်း နည်းကိုရှာလာစေပါတယ်။ ကောင်းစွားနားထောင်ပေးခြင်းဖြင့် ပြောနေသူတွေက သူတို့ ကို ကူညီခံရတယ်၊ သူတို့အပေါ်ယုံကြည်လေးစားမှုရှိတယ်လို့ ခံစားရစေပြီးစိတ်ထဲမှာ ကောင်းတဲ့ခံစားမှု တွေဖြစ်လာစေပါတယ်။

သင့်အနေဖြင့် သင်ကဘာမှလုပ်နေတာမဟုတ်။ အသံကို ပြန်ကန်ထွက်စေတဲ့ဘုတ်ပြား ကြီးတစ်ချပ်လိုသာနားထောင်နေတာလို့ စိတ်ထဲမှာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ လေးနက်စွာသေသေချာချာနားထာင်ပေးခြင်းရဲ့အကျိုးရလဒ်များမှာအံ့မခမ်းဖြစ်ပါတယ်။ အကောင်းဘက်ရှေ့ရှုပြောင်းလဲမှု အများကြီးဖြစ်လာစေပါတယ်။

“ထောက်ထားစာနာပြီးနားထောင်ခြင်းဟာ မိမိနှင့်ပြောဆိုနေသူတွေမှာ ဘာတွေဖြစ်နေ တာကို လေးလေးစားစားနားလည်အောင်ပြုလုပ်ခြင်းပင်ဖြစ်ပါတယ်။ အများအားဖြင့် ထောက်ထားစာ နာမှုထက် လူတွေက အကြံပေးတာမျိုး၊ သို့မဟုတ် မိမိအနေအထားနှင့် မိစိတ်ခံစားမှုများကိုသာရှင်းလင်းပြောပြချင်တဲ့စိတ်ကပြင်းပြကြပါတယ်။ ထောက်ထား စာနာမှုဆိုတာ မိမိစိတ်ကိုရှင်းလင်းထားပြီး အခြားလူကိုအပြည့်အဝနားလည်အောင် နားထောင်ပေးခြင်းပင်ဖြစ်ပါတယ်။” (Marshall Rosenberg, A Language of Life ကဖော်ပြခဲ့ပါ တယ်။

၃။ ရိုးသားဖြောင့်မတ်မှန်ကန်ပြီး ဂရုတစိုက် ဆက်သွယ်ပြောဆိုခြင်း

အကြမ်းမဖက်တဲ့အပြန်အလှန်ဆက်သွယ်ပြောဆိုခြင်းက မိမိတို့ရဲ့လိုအပ်ချက်များကို ရှင်း လင်းစွာပြောနိုင်စေပြီး မိမိတို့ရဲ့စိတ်လှုပ်ရှားခံစားမှုများ၊ ပြောတဲ့စကားများနှင့် လုပ် ရပ်များအားလုံးအတွက် တာဝန်အပြည့်အဝယူတဲ့လုပ်ဆောင်မှုဖြစ်ပါတယ်။ “ကျွန်တော် / ကျွန်မ --------“ ဆိုပြီးပြောတဲ့ပုံစံမှာ အကြမ်းမဖက်တဲ့အပြန်အလှန်ပြောဆိုမှုမှာ သစ် ဆန်းတဲ့အဓိပ္ပါယ်ဆောင်ပါတယ်။ ခက်ခဲတဲ့သတင်းစကားတွေကို လူတွေကိုထိခိုက်မှာ၊ သို့မဟုတ်ဖယ်ကျဥ်ဝေးကွာစေတာမျိုးမဖြစ်ဘဲ ပေးနိုင်စေပါတယ်။ ကန့်သတ်မှုဘောင် တွေကို ယုံကြည်မှုရှိရှိနှင့်ဂရုတစိုက်ပြုလုပ်နိုင်စေပါတယ်။ မိမိတို့လိုအပ်ချက်များနှင့် ပတ်သက်လာရင် အကန့်အသတ်တွေဘာတွေရှိတယ်ဆိုတာကိုလည်း ရှင်းလင်းစွာ သိ နားလည်နေပါတယ်။ အခြားလူတွေအပေါ် ဖိနှိပ်ချုပ်ချယ်တဲ့သဘောလုံးဝမပါပါ။ အဲဒါ ကြောင့် အပြန်အလှန်ဆက်သွယ်ပြောဆိုမှုများမှာ ပွင့်လင်းစွာဆက်သွယ် ပြောဆိုချက် များဖြစ်ပြီး ဘာမှပြောစရာချန်မထားဘဲပြောပြနိုင်စေပါတယ်။ မိမိမှပြော စရာတွေကို ဖော်ပြပြောဆိုပြီးတဲ့အခါ၊ အခြားလူတွေကို ပြောဆိုခွင့်ပေးပြီး သူတို့ပြောတာကိုလည်း ကောင်းစွာနားထောင်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အတွက်ကျွန်ုပ်တို့ အနေဖြင့်မိမိတို့ ပြောဆိုချက်များအားလုံးအတွက် တာဝန်အပြည့်အဝယူလိုက်ခြင်းပင်ဖြစ်ပါတယ်။
“လူတွေဟာအများအားဖြင့် အမည်ဆိုးတတ်ဖို့၊ နှိုင်းယှဥ်ဖို့၊ တောင်းဆိုဖို့၊ မိမိတို့ခံစားနေ မှုနှင့် လိုအပ်ချက်များရှိနေမှုကို ကောင်းစွာထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ အခြားလူတွေ အပေါ် ပြစ်တင်ဝေဖန် အကဲဖြတ်တာတို့သာလုပ်တတ်တဲ့ပြောဆိုနည်းဖြင့် ကြီးပြင်းလာ ကြတာဖြစ်ပါတယ်”။ လို့ —Marshall Rosenberg ကမှတ်ချက်ပေးခဲ့ပါတယ်။

မိတ်ဆွေများ လူတွေနှင့်အပြန်အလှန်ပြောဆိုဆက်သွယ်ရာမှာ ဖော်ပြပါအလေ့အကျင့် များ ကို လေ့ကျင့် ခြင်းဖြင့် အဆင်ပြေပြေဆက်သွယ်ပြောဆိုနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရုန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...