Tuesday, February 18, 2025

ကိလေသာ ၁၀ ပါး Food for Thought (903) ဒေါက်တာသိန်းလွင်၊

May be an image of text that says 'မြတ်ဗုခွဓတ် ဒွ၏်အဆုံးအမတရား အကုသိုလ်ရှောင် ကုသိုလ်ဆောင် ဖြူအောင်စိတ်ကိုထား။ ဘုရားတိုင်းသာ ဘုရားတိုင်းသာဟောမိန်မ ဟောမိန့်မှာ သုံးပြောဤစကား။ သုံးပြာ ဘုရားတပည့်ထားသတိ ပွားဘိက၍တရား ဓမ္မမာ'

ဒီနေ့ ကိလေသာ (၁၀)ပါးကိုရှောင်ပြီးကုသိုလ်စိတ်များပွားနိုင်အောင် ကိလေသာ (၁၀)ပါးအကြောင်းကို Food for Thought (903) အဖြစ်မျှဝေလိုက်ပါတယ်။ 

ဒေါက်တာသိန်းလွင်၊ ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

 
ကိလေသာ ၁၀ ပါး

ကိလေသာ ၁၀ ပါးမှာ (၁)လောဘ၊ (၂) ဒေါသ၊ (၃) မောဟ ၊ (၄) မာန၊ (၅) ဒိဋ္ဌိ၊ (၆) ၀ိစိကိစ္ဆာ၊ (၇)ထိနမိဒ္ဓ၊ (၈) ဥဒ္ဓစ္စ၊ (၉) အဟိရိကနှင့် (၁၀)အနောတ္တပ္ပတို့ဖြစ်သည်။

လောဘဟူသည် လိုချင်တပ်မက်ခြင်းကို ခေါ်သည်။ ရာဂသည် တရားကိုယ်အားဖြင့် လောဘတွင် ပါဝင်သည်။ “လိုချင်တပ်မက်ခြင်း” ဟု ဆိုသော်လည်း ကာမဂုဏ်ဆိုင်ရာ လိုချင်မှုမျိုးသာ လောဘဖြစ်သည်။ နိဗ္ဗာန်ကို လိုချင် မှု၊ တရားကိုလိုချင်မှု၊ စာပေတတ်မြောက်ချင်မှု၊ ဆင်းရဲသူများကို ပေးကမ်းလို၍ ပစ္စည်းဥစ္စာကို လိုချင်မှု အစရှိ သည့် ကောင်းသောအရာ၌ လိုချင်မှုမျိုးကား လောဘ မဟုတ်၊ ဆန္ဒသဘောသာ ဖြစ်သည်။

ဒေါသဟူသည်မှာ အမျက်ထွက်ခြင်းကို ခေါ်သည်။ စိတ်အတွင်းတွင် တနုံ့နုံ့ဖြင့် အသားတွင်းသို့ ဆူးဝင်သည့်ပမာ မျက်နေခြင်း၊ စိတ်အတွင်းတွင် တင်းပြီးမပေါက်ကွဲသေးသော အဆင့်၊ ရုပ်ပိုင်းဆိုင်ရာအားဖြင့် မည်သို့မျှ မပြုရ သေးသည့်အဆင့်ကို ‘ကောဓ’ (အမျက်) ဟု ခေါ်သည်။ ကောဓမှ အပြင်သို့ ပေါက်ကွဲထွက်လာပါက ဒေါသဖြစ် သည်။

မောဟဟူသည်မှာ တွေဝေမိုက်မဲခြင်းကို ခေါ်သည်။ မောဟ၏ သဘောတရားကို အများစုမှာ သဘောမပေါက် ကြဘဲ ရောထွေးနေတတ်ကြသည်။ အဝိဇ္ဇာနှင့် မောဟနှစ်ခုစလုံးသည် မသိခြင်းဟု အဓိပ္ပာယ်ထွက်သော်လည်း ကွဲပြားခြားနားသည်။ သစ္စာလေးပါးကို မသိခြင်းသည် အဝိဇ္ဇာဖြစ်ပြီး ဒိဋ္ဌိနှင့် ဆက်နွှယ်နေသည်။ မိမိလုပ်နေသော အလုပ်အပေါ်တွင်သတိမကပ်ဘဲ တွေဝေငေးငိုင်စွာ လုပ်နေခြင်း၊မိမိလုပ်နေသော အလုပ်ကို ကုသိုလ် အကုသိုလ် ဟူ၍ ခွဲခြားမသိခြင်းသည် မောဟဖြစ်သည်။

မာနဟူသည်မှာ ထောင်လွှားခြင်းကို ခေါ်ဆိုခြင်း ဖြစ်သည်။ “မာန်တက်နေသည်၊ မာနကြီးနေသည်” ဟု ပြောလေ့ ရှိကြသည်။ မာနသုံးမျိုးရှိသည်။ သေဌမာန် (“ငါသာ မြတ်တယ်” ဟု မာန်တက်ခြင်း )၊ သဒိသမာန် (“ငါနဲ့ တန်းတူ တွေပါပဲ” ဟု မာန်တက်ခြင်း) နှင့် ဟိနမာန် (“ငါက နိမ့်တယ်၊ ဒါပေမဲ့ ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး” ဟု မာန် တက်ခြင်း) တို့ ဖြစ်သည်။

ဒိဋ္ဌိ (အယူမှားခြင်း) ၆၂ ပါး ရှိသော်လည်း ဒိဋ္ဌိသည် ရှစ်ပါးသော တရားများအပေါ်တွင် အမှီပြု၍ ဖြစ်တတ်သည်။ (၁) ခန္ဓာကိုယ်နှင့်ပတ်သက်၍၊ (၂) သစ္စာလေးပါးနှင့် ပတ်သက်၍၊ (၃) အတွေ့အထိနှင့်ပတ်သက်၍၊ (၄) မှတ်သား မှုနှင့်ပတ်သက်၍၊ (၅) အကြံအစည်နှင့်ပတ်သက်၍၊ (၆) နှလုံးသွင်းမှုနှင့်ပတ်သက်၍၊ (၇) မိုက်မဲသူများနှင့် ပေါင်း သင်းမိ၍၊ (၈) သူတစ်ပါး၏တရားစကားနှင့်ပတ်သက်၍ ဒိဋ္ဌိဖြစ်လာတတ်သည်။

၀ိစိကိစ္ဆာဟူသည်မှာ တွေးတောယုံမှားခြင်းသဘော၊ သို့လော သို့လော စိတ်နှစ်ခွဖြစ်ခြင်း သဘောကို ခေါ်ဆိုခြင်း ဖြစ်သည်။ ၀ိစိကိစ္ဆာသည်လည်း ရှစ်ပါးသော တရားများပေါ်တွင် အမှီပြု၍ ဖြစ်တတ်သည်။ (၁) ဘုရားရှင်၏ ၃၂ ပါးသော လက္ခဏာတော်များ၊ ဉာဏ်တော်များနှင့်ပတ်သက်၍၊ (၂) သစ္စာလေးပါး၊ မဂ်၊ ဖိုလ် ၊နိဗ္ဗာန်တို့သည် သံသရာမှ အမှန်တကယ် လွတ်/မလွတ်နှင့်ပတ်သက်၍၊ (၃) အရိယာပုဂ္ဂိလ်နှင့်ပတ်သက်၍၊ (၄) သီလ၊ သမာဓိ၊ ပညာဟူသော သိက္ခာသုံးပါးနှင့်ပတ်သက်၍၊ (၅) အတိတ်၌ ခန္ဓာ၊ အာယတန ဖြစ်/မဖြစ်နှင့်ပတ်သက်၍၊ (၆) အနာဂတ်၌ ခန္ဓာ၊ အာယတန ဖြစ်/မဖြစ်နှင့် ပတ်သက်၍၊ (၇) သံသရာတစ်လျှောက်လုံး ခန္ဓာ၊ အာယတန ဖြစ်/မဖြစ် နှင့် ပတ်သက်၍၊ (၈) ပဋိစ္စသမုပ္ပာဒ် တရားတော်နှင့်ပတ်သက်၍ ၀ိစိကိစ္ဆာ ဖြစ်လာတတ်သည်။

ထိနမိဒ္ဓဟူသည်မှာမူ ထိုင်းမှိုင်းခြင်း၊ ငိုက်မျဉ်းခြင်းသာ ဖြစ်သည်။

ဥဒ္ဓစ္စဟူသည် စိတ်ပျံ့လွင့်ခြင်းဖြစ်ပြီး စိတ်၏ပျံလွင့်ခြင်း၊ မငြိမ်သက်ခြင်းသဘောသည် ဥဒ္ဓစ္စတည်း။ ထို့ကြောင့် ဥဒ္ဓစ္စဟူသည် ပြာပုံပေါ်ခဲကျသောအခါ ပြာများလွင့်တတ်သကဲ့သို့ အာရုံတစ်ခုခုအပေါ်၌ ငြိမ်သက်စွာ မတည်နိုင် ဘဲ ဟိုအာရုံရောက်လိုက်၊ သည်အာရုံရောက်လိုက် ဖြစ်နေခြင်းပင်ဖြစ်သည်။ ထိုဥဒ္ဓစ္စနှင့် အတူတကွဖြစ်သော စိတ်သည်လည်း စိတ်လေစိတ်လွင့်ဖြစ်၍ ဥဒ္ဓစ္စအားကြီးနေသောအခါ ကိုယ်ခန္ဓာသည်လည်း မငြိမ်မသက် ဖြစ် နေရကား လူလေလူလွင့် ဖြစ်တတ်လေသည်။

အဟိရိကဟူသည် မကောင်းမှုလုပ်ရမည်ကို မရှက်ခြင်းသဘောပင် ဖြစ်သည်။ အကုသိုလ်ဒုစရိုက်မှုဟူသမျှ မစင်ပုပ်နှင့်တူပြီး အဟိရိကကား ရွာဝက်ကြီးနှင့် တူလေသည်။ မစင်သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှပြီး မတော်တဆလူးမိပြန်လျှင် အများအလယ် ရှက်ဖွယ်ရာတည်း။ သို့သော် မစင်ကို အမွန်အမြတ်သောအစာဟု ထင်နေသော ရွာဝက်ကြီးကား ထိုမစင်ကို မစက်ဆုပ်မရွံရှာ၊ မစင်လူးရမည်ကိုလည်း မရှက်။ မစင်ထဲ၌ လူးကာ လှိမ့်ကာ မစင်များများ စားရသည်ကိုပင် ဂုဏ်ယူနေလေသည်။

အနောတ္တပ္ပဟူသည် မကောင်းမှုလုပ်ရမည်ကို မကြောက်ခြင်းပင်ဖြစ်သည်။အကုသိုလ် ဒုစရိုက်တို့သည် မီး တောက် မီးလျှံများနှင့်တူပြီး အနောတ္တပ္ပကား ပိုးဖလံနှင့် တူလေသည်။ မီးတောက်မီးလျှံတို့သည် ကြောက် မက်ဖွယ် အလွန်ကောင်း၏။ သို့သော် ပိုးဖလံတို့ကား ထိုမီးလျှံကို ကြောက်ဖွယ်ဟု မထင်ဘဲ ရဲရဲကြီးတိုး ဝင်ကြလေသည်။ ထို့အတူ အကုသိုလ် ဒုစရိုက်များသည်လည်း ဘေးဒုက္ခအမျိုးမျိုးကို ဖြစ်စေတတ်သည့် အတွက် ကြောက်မက်ဖွယ်ကောင်းလှ၏။ ပိုးဖလံတို့က မီးတောက်မီးလျှံကို မကြောက်သကဲ့သို့ မကောင်း မှုလုပ်ရမည်ကို မကြောက်ခြင်းအား အနောတ္တပ္ပဟု ဆိုခြင်းဖြစ်သည်။

ဖော်ပြပါကိလေသာစိတ်များမိမိမှာ တစ်နေ့မှာအကြိမ်ဘယ်လောက်ဖြစ်တတ်ကြောင်း ပြန်လည်စစ်ဆေးကြည့် ရန် လိုအပ်ပါတယ်။

တစ်ကြိမ်ဖြစ်ရင် အချိန် ဘယ်လောက်ကြာတဲ့အထိဖြစ်နေသလဲဆိုတာကိုလည်းပြန်လည် စစ်ဆေးကြည့်ရန် လိုအပ်ပါတယ်။

နောက်တစ်ချက်စစ်ဆေးရမှာက တစ်ခါဖြစ်ရင်ဖြစ်တဲ့အရှိန်ကဘယ်လောက် ပြင်းထန်သလဲဆိုတာကိုလည်းပြန်လည်စစ်ဆေးကြည့်ရန် လိုအပ်ပါတယ်။

မကောင်းစိတ်များအကြိမ်၊အချိန်၊ အရှိန် ဘယ် လောက်ဖြစ်ကြောင်းမိမိကိုယ်မိမိ ပြန်လည်စစ်ဆေးရန် လိုအပ်ပါတယ်။ပြန်လည်စစ်ဆေးလို့တွေ့တဲ့ အခါ အဲဒီမကောင်းစိတ်များ ဖြစ်တဲ့အကြိမ်လျေ့ာကျလာအောင်၊ ဖြစ်နေတဲ့အချိန် နည်းပါးအောင်၊ ဖြစ်တဲ့အရှိန် လျော့ပါးအောင် ထိန်းသိမ်းရန် လိုအပ်ပါတယ်။ နောက်ဆုံးမကောင်းစိတ်များကင်းအောင်လေ့ကျင့် ရန်လိုအပ် ပါတယ်။

မိတ်ဆွေများ “မနုသတ္တဘာဝ ဒုလ္လာဘ” ဆိုသည့်အတိုင်း ရခဲလှစွာသော လူ့ဘဝကို ရခိုက်တွင် လူဖြစ် ကျိုးနပ်စေ ရန်အတွက် ကိလေသာ ၁၀ ပါးကို တတ်နိုင်သမျှ ရှောင်ရှားကာ သူတော်ကောင်းတရားများကို ပွားများနိုင်ကြပါ စေ ကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်၊ ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...