Tuesday, February 18, 2025

ကလေးတွေကိုဆုံးမရာမှာ မိဘဆရာများအနေ ဖြင့် လိုက်နာသင့်တဲ့အလေ့အကျင့်များ Food for Thought 904 ဒေါက်တာသိန်းလွင်

May be an image of elephant and text that says 'The elephant is held back not by the puny rope but by its belief system. sy Are Areyou you too?'

ဒီနေ့အနာဂါတ်အတွက်အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်အောင် ကလေးတွေကိုဆုံးမရာမှာ မိဘဆရာများအနေ ဖြင့် လိုက်နာသင့်တဲ့အလေ့အကျင့်များကို Food for Thought 904 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်၊ ပါမောက္ခ၊ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။


ကလေးတွေကိုဆုံးမရာမှာ

မြန်မာပြည်နေရာတော်တော်များများမှာ ကလေးများလေ့ကျင့်ပျိုးထောင်ပေးရေးနဲ့ပတ်သက်လို့ ဟောပြောပွဲတွေ ပြု လုပ်ဘူးပါတယ်။ အဲဒီဟောပြောပွဲတွေမှာ တက်ရောက်လာကြတဲ့လူကြီးမိဘများကို ငယ်စဥ်က မိဘတွေက ရိုက် နှက်တာခံရဘူးပါသလား လို့မေးလိုက်တဲ့အခါ အရိုက်ခံရဘူးကြောင်း လက်ထောင်ပြတဲ့လူကြီးတွေမှာ အ များ စုဖြစ်ပါတယ်။ အရိုက်ခံရတော စိတ်မှာကောင်းသလားမကောင်းဘူးလားလို့မေးတော့ အားလုံးက မကောင်း ကြောင်းပြန်ဖြေကြပါတယ်။ ကိုယ်တိုင်မိဘဖြစ်လာတဲ့အခါ မိမိတို့ကလေးတွေကိုနာကျင်အောင်ရိုက်ဆုံးမတာ မျိုး အော်ဟောက်ဆုံးမတာမျိုးတွေပြုလုပ်ပါသလားလို့မေးလိုက်တော့ အားလုံးနီးပါက ကလေးတွေကိုဆုံးမရာ မှာ ရိုက်တာ၊ အော်ဟောက်ဆူတာမျိုးတွေပြုလုပ်ကြကြောင်းပြန်ဖြေကြပါတယ်။

ကိုယ်တိုင်မနှစ်သက်တဲ့နည်းကို သားသမီးများဆုံးမရာမှာပြန်သုံးနေတာဘာကြောင့်ပါလဲ။ ဒီဆေးသောက်ရင်ခါး မှန်း သိပါလျက် ဒီဆေးကိုချိုလေမလားအထင်နဲ့သောက်နေတာ ပါးစပ်ထဲရောက်တော့ခါးတဲ့အရာသာကိုသာ ခံစား ရပါလိမ့်တယ်။

တစ်ချို့ကလည်း ရှေးကအဆုံအမစကားများကို လိုရာဖြတ်တွေးပြီး လိုရာဆွဲသုံးနေတာ မျိုးလည်းရှိနိုင်ပါတယ်။ ဥပမာမိဘဆိုတာ လက်ဦးဆရာ၊ ဆရာဆိုတာ “ရှေးရှုမေတ္တာ၊ ကရုဏာနှင့် နာနာကျင်ကျင် အပြစ်မြင်တိုင်း ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ ဆရာဟူလော့”။ဆိုတဲ့အဆုံး အမမှ “ရှေးရှုမေတ္တာ၊ ကရုဏာနှင့်” ဆိုတဲ့ မေတ္တာဂရုဏာဖြင့်ညင်ညင်သာသာပြောရန်မှာထားတာကို အလေးမ ထားတော့ဘဲ “နာနာ ကျင်ကျင် အပြစ်မြင်တိုင်းဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို” ဆိုတဲ့အပိုင်းကိုသာ အလေးထားပြီး သ‌ဘောမကျတဲ့ အခါ၊ အဆင်မပြေတဲ့အခါ စိတ်မှာဖြစ်နေတဲ့အခြားဖိစီးမှုများကိုပါရောလျက် စိတ်ထဲရှိတာကို မထိန်းသိမ်းဘဲ ိတ်လိုက်မာန်ပါ ပြောတတ်၊ဆိုတတ်၊ ဆူပူရိုက်နှက်တဲ့အထိဖြစ်တတ်ကြပါတယ်။ စကားပြောတဲ့အခါ မှန်ကန် တဲ့စကား၊ အကျိုးရှိမဲ့စကားကို အချိန်အခါကြည့်ပြီးမှ ယဥ်ကျေးသိမ်မွေ့စွာမေတ္တာဖြင့် ပြောရန် လမ်းညွှန်ထား တာတွေကိုမေ့နေကြပြီး ထင်တိုင်းကျဲနှုတ်ကြမ်း၊ လျာကြမ်း၊ ရိုင်းပြတဲ့စကားတွေသုံးပြီးပြောဆိုနေတတ်ကြပါ တယ်။ အဲဒီလိုပြောနေတာကိုပင်ဆုံးမတယ်လို့ ပြောနေပြန်ပါတယ်။ အဲဒီလို ဆုံးမတာကတော့ အဆိုးဆုံး “အဆုံး အထိ ရောက်အောင်အချွန်နဲ့မလိုက်တာသာ”ဖြစ်ပါတယ်။

တိုက်ရင်တိုက် (သို့မဟုတ်) ထွက်ပြေးတဲ့တုံ့ပြန်မှု

တိုက်ရင်တိုက် (သို့မဟုတ်) ထွက်ပြေးတဲ့တုံ့ပြန်မှုဆိုတာသက်ရှိတွေမှာဘေးအန္တရာယ်ကြုံလာတယ်လို ထင်တဲ့ အခါမှာ ပြုလုပ်တတ်တဲ့ကမ္မဇီဝတုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။ ကိုယ်ထဲမှာရှိတဲ့ adrenaline ကဲ့သို့သောဟိုမုန်းကို နှိးဆွပေးပြီးထိုနှိုးဆွပေးမှုကြောင့်ပြန်တိုက်ခိုက်ခြင်း(သို့မဟုတ်)ထွက်ပြေးခြင်းတစ်မျိုးမျိုးကိုပြုလုပ်တတ်ကြပါတယ်။ လတ်တလောမလုပ်နိုင်သေးရင်တောင်တစ်ခုခုလုပ်နိုင်တဲ့အခါလုပ်မယ်ဆိုတဲ့စိတ်မျိုးတေးထားတတ်ကြ ပါတယ်။ အကြောက်တရားတွေအားကြီးပြီး ဘာမှစွမ်းဆောင်နိုင်မှုမရှိသလိုမျိုးလည်းဖြစ်သွားတတ်ပါတယ်။

ဆင်ခြေထောက်ကြိုးချဉ်ထားတဲ့ဥပမာ

ဥပမာအား ဖြင့် ဆင်လေးတွေကို ငယ်စဥ်က ရုန်းမထွက်နိုင်အောင်သံကြိုးနှင့် တိုင်ငုတ်မှာချီထားတဲ့အခါ ဆင်က လေးကခဏခဏရုန်း ကြည့်ပါတယ်။ ရုန်းမရမှန်းသိတော့ နောက်ပိုင်း ကြိုးသေးသေးလေးနဲ့ချီထားရင်တောင် ရုန်းမရဘူးလို့ ထင်နေတဲ့ အတွက် အံသေနေတဲ့စိတ်ဖြစ်ပြီးရုန်းမထွက်တာနဲ့တူနေပါတယ်။ ဒါကြောင့်ဆင်ကြီး တွေကိုကြိုးသေးသေး လေး နဲ့ချီပြီးတိုင်ငုတ်မှာချီထားရင် ငယ်စဥ်ကဖြစ်လာတဲ့ အံသေနေတဲ့စိတ်ကြောင့် ရုန်း မထွက်ကြတော့ပါဘူး။

ဘောလ်ပင်ထဲမှစပရင်လေးကိုထောင်လိုက်အနေအထားမှာလက်ညှိုးနဲ့လက်မကြားထားဖြစ်ညှစ်ကြည့်တဲ့ဥပမာ

ဥပမာအားဖြင့် ဘောပင်အတွင်းမှာရှိတဲ့မင်ဆံကိုထိန်းပေးထားတဲ့စပရင်သံပတ်ခွေလေးကိုအပြင်ထုတ်လိုက်ပြီး လက်ညှိုး နဲ့လက်မကြားမှာထောင်လိုက်အနေအထားထားပြီးစပရင်လေးကို အတင်းကြာကြာဖြစ်ညှစ်ထား ကြည့်ပါ။ စပရင်ကလေးမှာ ဖိအားကိုမဆန့်ကျင်နိုင်တဲ့အတွက် လက်ညှိုးနဲ့လက်မကြားမှာပြားနေပြီး အဲဒီလို အချိန်အကြာကြီးဖြစ်ထားရင် စပရင်လေးက အံသေသွားပြီ တွန်းကန်နိုင်အားမရှိတော့ပါ။ တကယ်လို့ ဖိထားတဲ့ ဖိအားကိုဆန့်ကျင်ပြီး ရုန်းကန်တာမျိုးတွန်းကန်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ အဲဒီအချိန်မျိုးမှာဖိထားတဲ့လက်ကို အတင်းတွန်းပြီးရုန်ကန် ထွက်သွားနိုင်ပါတယ်။ အံသေသွားရင်လည်း အစွမ်းတွေဆုံးပါးသွားလို့မကောင်းပါဘူး။ အတင်းရုန်းကန်ထွက်သွားလို့ အထိန်းအကွပ်မဲ့ဖြစ်သွားရင်လည်းမသင့်ပါဘူး။ ဖိနှိပ်ထားရတဲ့အတွက် ဖိနှိပ် ထား သူမှ လက်တွေနာကျင်တာမျိုးကလည်းမကောင်းပါဘူး။ ဖိနှိပ်ထားသူလည်းမကောင်းသလိုဖိနှိပ်ခံထားရသူ လည်း မကောင်းပါ။ နှစ်ဦးနှစ်ဝကျိုးမလှတာမျိုးမလုပ်သင့်ပါဘူး။

အချုပ်အားဖြင့် သားသမီးများကိုဆုံးမရာတွင် အောက်ပါ (၉)ခုကိုအလေးဂရုပြုကြပါရန်အလေးအနက် တိုက်တွန်းလိုပါတယ်။

၁။ ကိုယ်တိုင်မနှစ်သက်တာကိုသားသမီးအပါ်မကျင့်သုံးပါနှင့်။ ဥပမာပြစ်တင်၊ ဆူပူ၊ ရိုက်နှက်တာ။

၂။ ဆုံးမတဲ့အခါ မေတ္တာနှင့်ယှဥ်ပြီးညင်ညင်သာသာ ကြင်ကြင်နာနာဆုံးမပါ။ အကြမ်းဘက်မှုမျိုးကို ရှောင်ရှားပါ။

၃။ အပြုအမူကောင်းတွေကိုလေ့ကျင့်ပေးတဲ့အခါ ပြောလည်းပြောပြလည်းပြပါ။ စံနမူနာကောင်းပြပါ။ ထိန်း သိမ်း စောင့်ရှောက်ရင်အမှတ်မထင် အမှားပြုမိသွားပါက ပြန်လည်တောင်းပန်ပါ။

၄။ လတ်တလောအကျိုးနှင့်ရေရှည်အကျိုးကောင်းဖြစ်မှုကိုအလေးပေးစဥ်းစားပြုမူပြောဆိုဆုံးမပါ။

၅။ ရပ်၊ စဥ်းစား၊ လုပ်ဆောင်၊ ပြန်လည်ထင်ဟပ်စဥ်းစားသုံးသပ်ဆိုတဲ့ STAR နည်းကိုလိုက်လိုက်နာပါ။

• S -Stop -စိတ်ထဲမှာစိတ်လိုက်မာန်ပါဖြစ်တဲ့အတိုင်းမပြောမိအောင်ကိုယ်နှုတ်ကို ရပ်အောင်ထိန်းပါ။

• T -Think ဘာကြောင့် ဖြစ်နေကြောင်း ပြန်လည်ချင့်ချိန်စဥ်းစားပါ။

• A- Act -အကောင်းဆုံးချင့်ချိန်စဥ်းစားထားတဲ့အတိုင်း ပြုမူလုပ်ဆောင်ပါ။

• R -Reflect ပိုကောင်းအောင်ပြုပြင်နိုင်ဖို့ အ‌ခြေအနေကို ပြန်လည်ထင်ဟပ်သုံးသပ်ပါ။

၆။ မိဘဆရာတွေရဲ့မျက်စေ့ဆိုတာ ကောင်းတာကိုမြင်အောင်ကြည့်ပြီအသိအမှတ်ပြုဖို့ဖြစ်ပါတယ်။ အဆိုးတွေ ကိုသာမြင်နေပြီး ရမ်းပုံမီးကျသလိုမဖြစ်ဖို့ လိုအပ်ပါတယ်။

၇။ မိဘဆရာတွေရဲ့မျက်စိ၊ နားနှင့်ပါးစပ်ဆိုတာ ဘယ်လောက်ပင်သေးငယ်တဲ့လုပ်ရပ်မဆိုသားသမီးတို့ရဲ့ ကောင်းတဲ့အပြု အမူလုပ်ရပ်ကိုမြင်အောင်ကြည့်၊ကြားအောင်နားထောင်ပြီး ဝမ်းမြောက်ဝမ်းသာ စိတ်ရော ကိုယ်ပါ အသိ အမှတ်ပြုပြောဖို့ဖြစ်ပါတယ်။

၈။ မိဘဆရာတွေရဲ့ ခေါင်းဆိုတာ ချင့်ချင့်ချိန်ချိန်စဥ်းစားပြီး အကောင်းဘက်ရှေ့ရှုစဥ်းစားတတ်တဲ့ခေါင်းဖြစ်ရန် လိုအပ်ပါတယ်။

၉။ မိဘဆရာများရဲ့လက်တွေဆိုတာ 3 Hs ဖြစ်တဲ့ Head, Heart, and Hands တို့ဟန်ချက်ညီစွာပေါင်းစပ်လုပ် ဆောင်ရန်ဖြစ်ပါတယ်။ (ချင့်ချင့်ချိန်ချိန်စဥ်းစားတတ်တဲ့ခေါင်း၊ ကြင်နာတတ်တဲ့နှလုံးသားနှင့် ကူညီဖေးမ ကြင် နာတတ်တဲ့လက်များဟန်ချက်ညီညီ လှုပ်ရှားတဲ့အခါ လှပတဲ့ပတ်ဝန်းကျင်မှာလေနုအေးလေးတိုက်နေတဲ့ အချိန် မှာ သာယာတဲ့ငှက်ကလေးရဲ့တေးသီတဲ့အသံဟာ ကြားရသူတိုင်းစိတ်မှာကြည့်နူးမှုကိုဖြစ်စေသလို မိမိ နှင့်ပတ် ဝန်းကျင်ကိုကောင်းအောင်ဖန်တီးနိုင်စွမ်းရှိရန် လိုအပ်ပါတယ်။

မိတ်ဆွေများ
သားသမီးများကိုအကောင်းဆုံးသွန်သင်ဆုံးမနိုင်ပြီး လောကအတွက် အကောင်းဆုံးရင်းီးမြှုပ်နှံပေးသူများဖြစ် ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်၊ ပါမောက္ခ၊ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...