ဒီနေ့” ကလေးတွေအတွက် အဖေတစ်ယောက်ရဲ့ပုံရိပ်က ဘယ်လောက်အရေးပါသလဲ”ဆိုတာကို Food for Thought 916 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
ကလေးတွေအတွက် အဖေတစ်ယောက်ရဲ့ပုံရိပ်က ဘယ်လောက်အရေးပါသလဲ
ကလေးတစ်ယောက်ကို
ပြုစုပျိုးထောင်ရတာ အင်မတန်မှ ခက်ခဲပြီး တာဝန်ကြီးတဲ့အလုပ်ဖြစ်ပါတယ်။
ကလေးတစ်ယောက်ကနေ တာဝန်သိတတ်သောလူကြီးတစ်ယောက်ဖြစ်လာဖို့၊ လူလိမ္မာ၊
လူကောင်း တစ် ယောက်ဖြစ်လာဖို့၊ ကိုယ်ချင်းစာနာတတ်တဲ့လူတစ်ယောက်ဖြစ်လာဖို့၊
ပညာဉာဏ်ပြည့်ဝသောလူ ကောင်း တစ်ယောက်ဖြစ်လာဖို့ ၊ လူတော်တစ်ယောက်ဖြစ်လာဖို့
စသည်ဖြင့် အများကြီး ပါပဲ။ ထိုတာဝန်ကို မိဘ နှစ်ဦး စလုံးက
တာဝန်ယူထားရပါတယ်။
များသောအားဖြင့်ကတော့
ကျွန်တော်တို့ဆီမှာက အိမ်ထောင် ဦးစီးသည် ငွေရှာဖို့သာ အာရုံထားတတ်ပြီး
ကလေးသူငယ်ပျိုးထောင်ခြင်းနဲ့ ပြုစုခြင်းကို မိခင်ဖြစ်သူမှာသာ လုံးဝတာဝန်ရှိ
သူအဖြစ် ပုံအပ်ထားတတ် ကြပါတယ်။
မွေးကင်းစကလေးက
နေ့ခင်းဘက်မှာ အိပ်ပြီး ညဘက်မှာ တစ်ညလုံးနိုးနေပြန်ရင်လည်း
ဒီမိခင်ဖြစ်သူကပဲ တစ်ညလုံးမအိပ်ဘဲ ကလေးနဲ့အတူ နေရပြန်ပါတယ်။ ကလေးကို
တစ်ညလုံးချီပြီး လမ်းလျှောက်ရင်း သိပ် ရပြုရပြန်ပါတယ်။
ထိုအခြေအနေမျိုးမှာတောင် ဖခင်ဖြစ်သူရဲ့ ဖေးမကူညီမှုမျိုးကို လိုအပ်နေတာပါ။
ဖခင် ဖြစ်သူက မိခင်ရဲ့အကူအညီလိုအပ်နေမှုကို နားလည်ပေးမယ်၊
အားနည်းနေတဲ့မိခင်ဖြစ်သူကို တရေးတမော အိပ်စက်စေပြီး
နေ့နဲ့ညမှားနေတဲ့ကလေးကို ထိန်းကျောင်းပေးမယ်။ စသည်ဖြင့် အသေးအဖွဲလေးတွေက အစ
ဖခင်မှာပါ တာဝန်သိရင်သိသလို တာဝန်ရှိတာဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ
ကလေးတစ်ယောက်ရဲ့ ကောင်းခြင်းဆိုးခြင်းအရာအားလုံးဟာ သူ့ရဲ့မွေးသမိခင်မှာ
မူတည်သလို မွေးသဖခင်မှာလည်း မူတည်နေပါတယ်။
ကလေးတစ်ယောက်
အထူးသဖြင့် ယောကျာ်းလေး တစ်ယောက်ဟာ အသက် ၆နှစ်အထိမှာမိခင်ဖြစ်သူနဲ့အနေနီး
ပြီး မိခင်ဖြစ်သူရဲ့ အကျင့်စရိုက်က ဖုံးလွှမ်းမှုရှိနိုင်နေပေမယ့် ၆နှစ်ကနေ
၁၄ အတွင်းမှာတော့ ဖခင်ဖြစ်သူရဲ့အပြု အမူ၊ အနေအထိုင်၊ အပြောအဆိုကို
စတင်အတုခိုးတဲ့အရွယ်ဖြစ်လာပါတယ်။ ထိုအခါမှာ ဖခင်ဖြစ်သူက ဘယ်လို
နေထိုင်သလဲဆိုတဲ့ပေါ်မူတည်ပြီး ကလေးက
အဖေဖြစ်သူရဲ့အရိပ်တစ်ခုလိုဖြစ်လာပါတော့တယ်။ သားလေးတစ် ယောက်
လူကောင်းလူလိမ္မာဖြစ်ဖို့ ဖခင်ဖြစ်သူရဲ့အနေအထိုင်၊ အကျင့်အကြံ၊ အပြောအဆို၊
ဆုံးမသွန်သင်ပုံက အဓိက ကျလာပါတယ်။ ဒါကတော့ သားဖြစ်သူမွေးထားတဲ့အဖေတွေအတွက်
အဖေတွေရဲ့ပုံရိပ်ကဘယ်လောက် အရေးပါသလဲဆိုတာပဲဖြစ်ပါတယ်။
သားဖြစ်သူဆေးလိပ်စသောက်တာက အဖေဖြစ်သူရဲ့ဆေးလိပ်ဖြစ်နေ တတ် ပါတယ်နော်။
အဲဒါကြောင့် သားမွေးထားသူတွေအတွက် အဖေတစ်ယောက်ရဲ့ပုံရိပ်က
အရမ်းအရေးကြီးပါတယ်။ ပတ်ဝန်းကျင်မှာ သားယောကျ်ားလေးမွေးထားတာမို့
စိတ်ပူစရာမလိုဘူးလို့ ထင်တတ်တဲ့မိဘမျိုးတွေအထူးသတိ ထားသင့်ပါတယ်။
အဲဒီလိုပါပဲ……
သမီးမိန်းကလေးပဲမွေးမွေး၊ သားယောကျာ်းလေးပဲမွေးမွေး အဖေတစ်ယောက်က
မိသားစုရဲ့ဦးစီး ဦးဆောင်မို့ အဖေတစ်ယောက်ရဲ့ပုံရိပ်က
အားလုံးအပေါ်လွှမ်းမိုးမှု အနည်းအများတော့ ရှိနေတတ်တာပါပဲ။ အဖေတစ်ယောက်က
တာဝန်သိစိတ်ရှိပြီး မိသားစုမှာ သူရဲ့အရေးပါမှုကို သိတဲ့အတွက်
သားသမီးတွေအနေနဲ့ အဖေတစ်ယောက်ကို သူရဲကောင်းတစ်ယောက်လို
အားကိုးချင်စိတ်ဖြစ်လာစေပါတယ်။ စိတ်လုံခြုံမှုပေးနိုင်ပါ တယ်။ တစ်ခုခုဆို
အဖေက ကာကွယ်ပေးတဲ့အတွက်ကြောင့် ကလေးတွေရဲ့စိတ်မှာ အနာတရမဖြစ်နိုင်သလို၊
အပြည့်အ၀ အကြောက်အလန့်မရှိဘဲ ရဲဝင့်နေတတ်ပါတယ်။
ကိုယ့်ကိုကိုယ်ယုံကြည်မှုကလည်း ပိုရှိနေတတ်ပါ တယ်။ ကြိုးစားချင်စိတ်လည်း
ပိုများပါတယ်။ အဖေကိုလည်း အတုယူတတ်ကြပါတယ်။ အဲဒါကြောင့် ကလေး ငယ်တွေရဲ့
အကျင့်စာရိတ္တကလည်း အဖေဖြစ်သူကို အားကျရာကနေ
ကောင်းခြင်းဆိုးခြင်းဖြစ်လာတတ်ပါတယ်။ ခြုံပြောရရင် သားသမီးတွေရဲ့အကျင့်၊
အပြုအမူ၊ အနေအထိုင်အားလုံးဟာ အဖေကောင်းတစ်ယောက်အပေါ် များစွာမူတည်နေတာပါ။
အဲဒါဆိုရင်
တာဝန်မသိတတ်တဲ့အဖေတစ်ယောက်က သားသမီးတွေအပေါ် ဘယ်လိုသက်ရောက်နိုင်ပါသလဲ။
အိမ်ထောင်ရေးဖောက်ပြန်တတ်တဲ့အဖေကြောင့် သားသမီးတွေမှာ အဖေမဲ့ဖြစ်တဲ့အခါ
သူတို့ဘဝမှာ အကာ အကွယ်မဲ့နေသလိုခံစားရနိုင်ပါတယ်၊
အဖေရဲ့သစ္စာဖောက်တဲ့လုပ်ရပ်ကြောင့် သားသမီးတွေမှာ စိတ်ဒဏ်ရာရ နိုင်သလို
သစ္စာဖောက်တဲ့လုပ်ရပ်ကို အမြဲစိတ်ထဲစွဲနေတတ်တဲ့အတွက်
လူမှုရေးအိမ်ထောင်ရေးနဲ့အခြားသော ဆက်ဆံရေးတွေမှာလည်း
အဆင်မပြေနိုင်တော့ပါဘူး။ ဥပမာ။ သူတို့ရဲ့အိမ်ထောင်ဖက်ကိုလည်း အမြဲတစေ
အိမ်ထောင်ရေးဖောက်ပြန်မလားလို့ တွေးပြီး ထိတ်လန့်နေတာမျိုးပေါ့။
(ဒါမျိုးကတော့ အဖေတင်မကပါဘူး အမေလုပ်သူက လုပ်ရင်လည်း သားသမီးတွေမှာ
ဖြစ်ပေါ်ခံစားရနိုင်တာပါပဲ)
အရက်မူးလာတိုင်း
ရိုက်နှက်၊ အပြစ်ရှာ ၊ သောင်းကျန်းတတ်တဲ့အဖေကြောင့် သားသမီးတွေက အဖေကို
သူရဲတဘက်လို ကြောက်လန့်နေနိုင်ပါတယ်။ ကြောက်လန့်တတ်မှုကြောင့်
နေရာတော်တော်များများမှာ အနိုင် ကျင့်ခံရသူတွေဖြစ်လာနိုင်ပါသေးတယ်။
အမေလုပ်သူရဲ့ခံစားရတဲ့အဖြစ်ကို မျက်မြင်တွေ့ကြုံရတဲ့အခါ သား သမီးတွေမှာ
စိတ်နာကျင်မှုကို အမြဲလိုခံစားနေရနိုင်ပါတယ်။
စိတ်အားငယ်တတ်သူတွေဖြစ်လာနိုင်ပါတယ်။ အဖေဆိုတာကို
အားကိုးရာလိုသဘောထားတတ်ကြတာမို့ အားကိုးမဲ့သလိုခံစားရပြီး
အမြဲစိတ်ဓာတ်ကျလွယ် တဲ့သူတွေဖြစ်လာနိုင်ပါတယ်။
အဖေဖြစ်သူရဲ့ဆိုးဝါးတဲ့ပုံရိပ်ကိုကြည့်ပြီး
သားသမီးရဲ့ပညာဉာဏ်၊ အယူအဆပေါ်မူတည်ပြီး သားသမီးတွေက
၂မျိုးကွဲသွားနိုင်ပါတယ်။ ဖြစ်ရပ်တစ်ခုမှာ သားနှစ်ယောက်ရှိတဲ့ဖခင်က
အရက်တွေအလွန်အမင်းသောက်ပါ တယ်။ ဒါကြောင့် သူ့သား (၂) ယောက်ကြီးလာရင်
ဘာတွေများဖြစ်လာမလဲဆိုတာကို လေ့လာသူတွေက စိတ် ဝင်စားကြပါတယ်။ တစ်ယောက်က
အဖေထက် ဆိုးတဲ့အရက်သမားတစ်ဦးဖြစ်ပါတယ်။ နောက်တစ်ယောက် ကတော့
အဖေအရက်သောက်တာကို တွေ့ပြီး ငါကြီးလာရင်
အဲဒီအခြေအနေတွေလုံးဝကင်းအောင်နေမယ်လို့ ဆုံး ဖြတ်ပြီးအရက်လုံးဝမသောက်ပါ။
သူတို့နှစ်ဘောက်ကို မေးကြည့်တဲ့အခါ နှစ်ယောက်လုံးက” ဒီအဖေကမွေး လာတာ အခု
လိုမဖြစ်ရင် အခြား ဘယ်လိုဖြစ်စရာရှိနိုင်ပါသလဲ” လို့အဖြေအတူတူပင်ပေးပါသတဲ့။
ပထမတစ်မျိုးကျတော့ ပညာယူပြီး
ကိုယ့်အလှည့်ကျရင် အဖြစ်မခံတော့ဘူးဆိုတဲ့ အမျိုးအစားပါ။ ထိုအမျိုး
အစားကတော့ အဆိုးထဲကနေ အကောင်းကိုရအောင်ယူတတ်သူတွေဖြစ်သွားတာပေါ့။
“ငါတို့တုန်းက စိတ်ထဲမှာ နာကျင်မှုခံစားခဲ့ရပါလား။ ငါ့သားသမီးတွေအလှည့်ကျ
အဲလိုမခံစားရအောင် ငါကိုယ်တိုင်အကောင်းဆုံးဖြစ် အောင် ပြုပြင်နေထိုင်မယ်”
ဆိုတဲ့အတွေးမျိုးတွေးပြီး ဘဝကို ပြုပြင်နေထိုင်သွားတဲ့လူမျိုးပေါ့။
ထိုသားသမီး မျိုးလက်ထက်မှာတော့ အထက်ကလို
ဆိုးဝါးတဲ့သံသရာမျိုးမကြုံနိုင်တော့ပါဘူး။ သူတို့ခံစားရတာမျိုး သူတို့သား
သမီးကိုမခံစားစေလိုတဲ့အတွက် သူတို့ရဲ့မိသားစုဘဝကို အကောင်းဖြစ်အောင်
ပြုပြင်နေထိုင်ကြပါတယ်။ ဘာပဲ ပြောပြော ဆိုးဝါးတဲ့ဘဝခံစားချက်တွေကနေမှတဆင့်
သင်ခန်းစာအဖြစ် ဘဝကို ကောင်းကောင်းအသုံးချတတ် သူ တွေပေါ့။
ဒုတိယတစ်မျိုးကတော့
“အဖေတောင် အရက်သောက်သေးတာပဲ ငါတို့လည်း သောက်မှာပဲ” ဆိုတဲ့အတွေးအခေါ်
မျိုး နဲ့ သားသမီးပါ။ ထိုသားသမီးမျိုးက အဖေကဆိုးရင်
အဖေထက်ဆိုးတဲ့သားသမီးမျိုးဖြစ်လာပြီး မိဘနဲ့သား သမီး ကြား
လုံးဝအဆင်မပြေတတ်တော့ဘဲ အဖေနဲ့အပြိုင်အရွဲ့တိုက်လို့
ဆိုးသွမ်းသွားနိုင်ပါတယ်။ အရွဲ့တိုက် တတ်တဲ့သားဆိုးသမီးဆိုးမျိုး
ဖြစ်သွားနိုင်တတ်တဲ့အမျိုးအစားပါ။
ထိုအရွဲ့တိုက်တတ်တဲ့
သားသမီးမျိုး က တစ်ချိန်မှာ မိဘပြန်ဖြစ်လာတဲ့အခါ သူတို့တုန်းက
ခံစားခဲ့ရတဲ့ခံစားချက် မျိုး သူတို့သားသမီးအလှည့်ကျရင်လည်း
ပြန်ပြီးခံစားစေပါတယ်။ ပြောရရင် မျိုးရိုးစဉ်ဆက် ဆိုးသွမ်းသူမျိုးဖြစ်
လာနိုင်တာမျိုးပေါ့။ သံသရာလည်နေတဲ့ပုံစံမျိုးပါ။
ဆိုးဝါးတဲ့ဖခင်ရဲ့ပုံရိပ်ကို လွှမ်းမိုးခံရပြီး ပညာဉာဏ်နိမ့်ကျတဲ့ အခါ
ထိုဖခင်ရဲ့ပုံရိပ်အတိုင်း ဘဝကိုရှေ့ဆက်ပါတယ်။ ထိုသားသမီးရဲ့ သားသမီးတွေလည်း
ထိုခံစားမှုဒဏ်ကို သံသရာလည်ပြီး ထပ်ခံစားပြန်ပါတယ်။
စိတ်ပိုင်းဆိုင်ရာချို့တဲ့မှုကို ခံစားရပြီး ကြီးပြင်းရတဲ့ကလေးတွေဖြစ်
လာနိုင်ပါတယ်။
တကယ်တော့ ဖခင်ဖြစ်သူ
အိမ်ထောင်ဦးစီးဆိုတဲ့ ခေါင်လုံမှ မိုးမယိုနိုင်မှာဖြစ်ပါတယ်။
အိမ်ထောင်ဦးစီးမှု ငွေ ကြေးစီးပွားရေးအတွက်သာ အရေးကြီးတာမဟုတ်ဘဲ
ဖခင်ဖြစ်သူရဲ့ပုံရိပ်ဟာ ကလေးငယ်တွေရဲ့ကောင်းခြင်း ဆိုးခြင်း
တစ်ဘဝလုံးနဲ့သက်ဆိုင်နေပါတယ်ဆိုတာ ဒီဆောင်းပါးလေးဖော်ပြရင်း
မိတ်ဆွေဖခင်များကို စကားလက်ဆောင်ပါးလိုက်ပါတယ်။
မိတ်ဆွေများ ကလေးများအတွက် စံနမူနာပြဖခင်များဖြစ်အောင် ကြိုးစားနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
No comments:
Post a Comment