Monday, February 24, 2025

MURDER ပူးပေါင်းသင်ယူနည်း Food for Thought 735 ဒေါက်တာသိန်းလွင်

 No photo description available.

ဒီနေ့ မှာ” MURDER ပူးပေါင်းသင်ယူနည်း” အကြောင်းကို Food for Thought 735 အဖြစ် မျှျှလိုက်ပါတယ်။  ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

MURDER ပူးပေါင်းသင်ယူနည်း

ဒီနည်းလမ်းက ကျောင်းသားများကိုစာဖတ်ခြင်းလုပ်ငန်းမှာ တက်ကြွစွာပူးပေါင်းပါဝင်စေတဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီနည်းကိုကျင့်သုံးတဲ့အခါဆရာတွေအနေဖြင့်ကျောင်းသားများပူးပါင်းသင်ယူလာအောင်၊ တစ် ယောက်နှင့်တစ်ယောက် အကူအညီပေးပြီး ရည်မှန်းချက် ပန်းတိုင်ရောက်အောင် စီစဥ်ပေးရန် လိုအပ်ပါတယ်။ ဒီနည်းကိုသုံးပြီးကျောင်းသားများဖတ်ထားတဲ့စာကိုနားလည်မှုအားကောင်းစေရန်အသုံးပြုရန် လိုအပ်ပါတယ်။

MURDER ဆိုတာ အတိုကောက်စကားဖြစ်ပါတယ်။ အောက်ပါအတိုင်းအဓိပ္ပါယ်ရပါတယ်။

M =Mood = သင်ယူမှုမှာစိတ်ပါစေခြင်း
U = Understand = ဖတ်သောစာကိုနားလည်ခြင်း
R = Recall = ဖတ်ထားတဲ့အကြောင်းအရာကိုပြန်လည်မှတ်မိပြောပြနိုင်ခြင်း
D = Detect = လိုအပ်ချက်ရှိနေတာကို တွေ့အောင်ရှာခြင်း
E =Elaborate = ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့စဥ်းစားခြင်း
R = Review -ပြန်လည်လေ့လာသုံးသပ်ခြင်း

ဒီနည်းလမ်ကကျောင်းသားများနှစ်ယောက်တစ်တွဲ သို့မဟုတ် အားလုံးပူးပေါင်းသင်ယူနိုင်စေရန်ထိရောက်တဲ့ အဆင့်တွေကိုဖန်တီးပေးပါတယ်။ ဒီနည်းကိုကျင့်သုံးတဲ့အခါဆရာအနေဖြင့်ကျောင်းသားများသင်ယူတဲ့အခါ စိတ်ပါအောင်အခြေအနေဖန်တီးပေးရန် လိုအပ်ပါတယ်။ ကျောင်းသားများအနေဖြင့် သင်ယူရမဲ့လုပ်ငန်းအတွက် စိတ်ပူပင်သောကရောက်နေတာမျိုးမရှိအောင်ဖန်တီးထားရန် လိုအပ်ပါတယ်။ ဆရာသင်ပေးတာကိုကျောင်း သားများအနေဖြင့် အခက်အခဲမျာစွာမရှိဘဲနားလည်ကြမှာဖြစ်ကြောင်း ပြောပြထားရန်လိုအပ်ပါတယ်။ နား ထောင်ခြင်း၊ ပြောဆိုခြင်း၊ စာရေးခြင်း၊ စာဖတ်ခြင်း လုပ်ငန်းတိုင်းကို လွယ်ကူစွာလုပ်ဆောင်နိုင်မှာဖြစ်ကြောင်း ပြောပြထားရန် လိုအပ်ပါတယ်။

နောက်တစ်ဆင့်ကတော့ U = Understand = ဖတ်သောစာကိုနားလည်ခြင်းပင်ဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ ကျောင်းသားတွေဟာ ပေးထားတဲ့ဖတ်စရာစာကိုဖတ်တဲ့အခါ နားမလည်တာမျိုးတွေ့ရင် နားမလည်တဲ့အပိုင်းကို ဝိုင်းမှတ် ထားခြင်း၊ သို့မဟုတ် မေးခွန်းအမှတ်အသားပြုလုပ်ပြထားခြင်းပြုလုပ်ရပါတယ်။ ကျောင်းသားတွေ ကိုနှစ်ယောက်တစ်တွဲပူးပေါင်းလုပ်ဆောင်ရန်ဆရာက သတိပေးပါ။ ပူးပေါင်းလုပ်ဆောင်မှုမလုပ်ခင်တစ် ယောက် ချင်းစာဖတ်ပြီးမရှင်းလင်းတာကို မှတ်ထားရန် လိုအပ်ပါတယ်။

နောက်တစ်ဆင့်မှာ R = Recall = ဖတ်ထားတဲ့အကြောင်းအရာကိုပြန်လည်မှတ်မိပြောပြနိုင်ခြင်းအဆင့်ဖြစ်ပါ တယ်။ ဒီအဆင့်မှာတော့ကျောင်းသားတွေဟာသူတို့ဖတ်ထားတဲ့စာကိုသူတို့ဘယ်လိုနားလည်ကြောင်း၊ ဖတ် ထားတဲ့စာမှာပါဝင်တဲ့သတင်းအချက်အလက်ကိုမိမိတို့စကားဖြင့် အနှစ်ချုပ်ရေးမှတ်ထားရန် လိုအပါတယ်။

နောက်တစ်ဆင့်မှာ D = Detect = လိုအပ်ချက်ရှိနေတာကို တွေ့အောင်ရှာခြင်းအဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ ကျောင်းသားနှစ်ယောက်ပေါင်း လုပ်ဆောင်ရန် လိုအပ်ပါတယ်။ တစ်ယောက်က သူမှတ်ထားတဲ့အနှစ်ချုပ်ကို ဖတ်ပြနေတဲ့အချိန်မှာ ကျန်တစ်ယောက်က မူရင်းဖတ်စရာကိုကြည့်ရင် ကျန်နေတဲ့အချက်၊ လိုအပ်နေတဲ့အချက် ကို ဖော်ထုတ်ပေးရပါတယ်။ မိမိနှင့်ပူးပေါင်း လုပ်ဆောင်နေတဲ့ကျောင်းသားလုပ်ဆောင်ထားချက်မှာ မှားနေ တာပါရင် ပြုပြင်ပေးရပါတယ်။ အဲဒီလို တစ်ယောက်က မိမိထုတ်ထားတဲ့မှတ်စုကိုဖတ်တဲ့အခါ ကျန်တစ် ယောက်ကကောင်းစွာနားထောင်ပြီး မူရင်းနှင့် ယှဥ်ကြည့်ရင်း လိုအပ်ချက်ရှိတာကို ပြုပြင်ပေးတဲ့အလုပ်ကို အပြန်အလှန် နှစ်ယောက် ပြုလုပ်ရပါတယ်။

E =Elaborate = ကျယ်ကျယ်ပြန့်ပြန့်တိုးချဲ့စဥ်းစားခြင်းအဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာတာ့ နှစ်ယောက် တစ်တွဲကျောင်းသားတို့ ဟာ သူတို့ဖတ်ခဲ့တဲ့စာကိုသူတို့နားမလည်ခဲ့တဲ့အပိုင်းတွေကိုအချင်းချင်းမေးခွန်းမေးခြင်း၊ ‌ဖြေဆိုခြင်းများပြန်ပြုလုပ် ရတဲ့ အဆင့်ဖြစ်ပါတယ်။ ပြန်လည်းစစ်ဆေးတဲ့အဆင့်ဖြစ်ပါတယ်။

နောက်ဆုံးအဆင့်ကတော့ R = Review -ပြန်လည်လေ့လာသုံးသပ်ခြင်းအဆင့်ဖြစ်ပါတယ်။ ကျောင်းသားနှစ် ယောက် တစ်တွဲစီဟာသူတို့ဖတ်ထားတဲ့စာတစ်ခုလုံးရဲ့အနှစ်ချုပ်ကို နှစ်ယောက်ညှိနှိုင်းပြီးတည်ဆောက် ရပါ တယ်။ ပြီးတော့ ဖတ်ထားတဲ့စာမှာပါတဲ့အရေးကြီးတဲ့အချက်အလက်တွေကိုသူတို့အနေဖြင့် ဘယ်လောက်ပြန် လည်မှတ်မိ ကြောင်း ပြန်လည်စစ်ဆေးသုံးသပ်ရပါတယ်။

MURDER ပူးပေါင်းသင်ယူနည်းကို စာဖတ်သင်ပေးရာမှာ ဘယ်လိုအသုံးချနိုင်ပါသလဲ။

ဒီနည်းကိုအသုံပြုခြင်းဖြင့် ဖတ်တဲ့စာကိုကျောင်းသားများကောင်းစွာနားလည်မှုတိုးတက်လာစေနိုင်ပါတယ်။ ဒီနည်းကကျောင်းသားများစာကို တက်ကြွစွာဖတ်လာစေပါတယ်။ ကျောင်းသားနှစ်ယောက်အတူတူပူးပေါင်း လုပ်ဆောင်နေတဲ့အတွက် ကျောင်းသားများစိတ်မှာအပြန်အလှန်အကူရပြီး ဖိစီးမှုကင်းစေပါတယ်။ ကျောင်း သားများအတွက် ဖတ်တဲ့စာမှ အဓိကအချက်ကိုထုတ်ယူခြင်း၊ အပြန်အလှန် စစ်ဆေးခြင်းဖြင့် စတဲ့ စိန်ခေါ်တဲ့ လုပ်ငန်းကို လုပ်ဆောင်စေပါတယ်။ တ ကယ် တော့ ဒီနည်းက ကျောင်းသားများတွင် စာဖတ်ခြင်း၊ နား ထောင်ခြင်း၊ စကားပြောဆိုခြင်း၊ နှင့် စာရေးတဲ့ကျွမ်း ကျင် မှုများတိုးတက်အောင်သင်ပေးရာမှာသုံးနိုင်ပါတယ်။ အောက် ဘက်မှာ စာဖတ်ခြင်းလုပ်ငန်းမှာဒီနည်းလမ်း ကိုသုံးရေးအတွက်အဆင့်လိုက်ရှင်းလင်းချက်ကိုဖော်ပြထား ပါတယ်။

(က) အရင်ဆုံးဆရာကကျောင်းသားများကိုနှစ်ယောက်စီအတူတူတွဲလုပ် ဆောင်ရန်သတ်မှတ်ပေးပါ။ ကျောင်း သားများမှာစိတ်ပူပန်မှုကင်းပြီးစာသင်ကြားရေးမှာစိတ်ပါလာစေရန်စေရန် ဆရာက ရယ်မောစရာလေးတစ်ခုကို စတင်ပြောပေးနိုင်ပါတယ်။

(ခ) ဆရာကကျောင်းသားများအားဖြန့်ဝေထားတဲ့ဖတ်စရာစာကိုအသံတိတ်ဖတ်ခိုင်းပါ။ အဲဒီလိုဖတ်တဲ့အခါ ကျောင်းသားများအနေဖြင့် ခက်ခဲနေတဲ့စကားလုံး၊ နားမလည်တဲ့အပိုင်းကို မေးခွန်းအမှတ်အသားပြထားနိုင်ပါ တယ်။ ပြီးတော့ နှစ်ယောက်သားအချင်းချင်းပြန်လည်မေးမြန်းဆွေးနွေးနိုင်ပါတယ်။ တကယ်လို့အဲဒီလိုဆွေးနွေး တိုင်ပင်သော်လည်း နားမလည်သေးပါက အဘိဓာန်ကို ကိုးကားရှာနိုင်ပါတယ်။ ဆရာကိုလည်းမေးမြန်း နိုင် ပါတယ်။

(ဂ) ပေးထားတဲ့ဖတ်စရာကိုကျောင်းသားများနှစ်ယောက်တွဲဖတ်ပြီးတဲ့အခါ နှစ်ယောက်တစ်တွဲ မိမိဖတ်ထားတဲ့ စာမှအနှစ်ချုပ်နားလည်မှုကို အတူတူတွဲသင်ယူသူအားပြန်ပြောပြစေပါတယ်။ အဲဒီလိုပြန်ပြောတဲ့အခါ မှတ် ထားတဲ့စာကိုမကြည့်ဘဲပြန်ပြောရပါတယ်။ ဖတ်ထားတာကို အနှစ်ချုပ်အားဖြင့် ဘယ်လောက်ပြန်လည်မှတ်မိ ကြောင်း ပြောပြရပါတယ်။

(ဃ) D = Detect = လိုအပ်ချက်ရှိနေတာကို တွေ့အောင်ရှာခြင်းအဆင့်မှာတော့ နှစ်ယောက် တစ်တွဲ မိမိဖတ်ထား တာရဲ့အနှစ်ချုပ်ကို ပြန်ပြောပြစေပါတယ်။ အဲဒီအခါပြန်ပြောပြချက်မှာ အမှားတွေရှိ နေသလား၊ ကျန်သွား တာရှိ နေသလား၊ မလိုအပ်တဲ့အချက်အလက်တွေပါနေသလား ဆိုတာကို စစ်ဆေးရပါတယ်။ နှစ် ယောက် တစ်တွဲဟာ အဲဒီအတိုင်းအပြန်အလှန် ပြုလုပ်ရပါတယ်။

(င) E = Elaborate = တိုးချဲ့စဥ်းစားခြင်းအဆင့်မှာတော့ ဆရာကကျောင်းသားနှစ်ယောက်တစ်တွဲသူတို့ဖတ်ခဲ့တဲ့စာ အကြောင်း ဆွေး‌နွေးစေပါတယ်။ ဖတ်ထားတဲ့စာမှ သူတို့ဘာတွေရခဲ့ကြောင်းဆွေး‌နွေးရပါတယ်။ ပြီးတော့ ဖတ်ထားတဲ့စာကို မိမိတို့ဘဝအတွေ့အကြုံများနှင့် ဆက်စပ်ပြောပြရပါတယ်။

(စ) R = Review -ပြန်လည်လေ့လာသုံးသပ်ခြင်းအပိုင်းမှာတော့ ပူးပေါင်းသင်ယူနေသူတွေဟာသူတို့ဖတ်ထား တဲ့စာနဲ့ပတ်သက်လို့ သူတို့စဥ်းစားထားချက်များနှင့် ဖတ်ထားတဲ့စာအနှစ်ချုပ်ကို ပေါင်းစပ်လျက် ပူးပေါင်း လုပ်ဆောင်မှုရလဒ်ကိုဖန်တီးပေးရပါတယ်။

နောက်ဆုံးအဆင့်အနေဖြင့် နှစ်ယောက်တစ်တွဲဖော်ထုတ်ထားတဲ့အနှစ်ချုပ်ကို တစ်တန်းလုံးကြားအောင် ဘယ်အဖွဲ့ကမျှဝေချင်ပါသလဲလို့မေးပြီး မျှဝေချင်တဲ့အဖွဲ့ကို တစ်တန်းလုံးကြားရအောင် သူတို့အဖွဲ့ဖော် ထုတ်ထားတဲ့အနှစ်ချုပ်ကိုဖတ်ပြစေပါတယ်။ နားထောင်နေတဲ့ကျောင်းသားများအနေဖြင့် အနှစ်သာရအားဖြင့် ဘာများထပ်ဖြည့်ချင်တာရှိသလဲလို့မေးပြီး ပိုအားကောင်းအောင်ဖြည့်းခိုင်းနိုင်ပါတယ်။

MURDER ပူးပေါင်းသင်ယူနည်းသုံးခြင်းရဲ့အကျိုးကျေးဇူးများ

ဒီနည်းကိုကျင့်သုံးတဲ့အတွက်သင်ယူသူများရဲ့ သင်ယူတဲ့အပြုအမူများအပြုသဘောဆောင်တဲ့ တိုးတက်ပြောင်းလဲ လာမှုများရှိလာစေပါတယ်။သင်ယူသူများရဲ့သင်ယူမှုနဲ့ပတ်သက်တဲ့စိတ်နေသဘောထား၊ သင်ယူလိုတဲ့စိတ်တွန်း အားများတိုးတက်လာကြပါတယ်။ စာဖတ်တဲ့သင်ခန်းစာမှာဒီနည်းကိုကျင့်သုံးခြင်းဖြင့် သင်ယူသူများကသင်ယူ မှုလုပ်ငန်းမှာတက်ကြွစွာနှင့် ဆန်းသစ်တီထွင်တဲ့အနေအထားဖြင့် ပါဝင်လာတာကိုတွေ့ရပါတယ်။ ကလေးတို့ရဲ့ ဘာသာစကားစွမ်းရည်လည်းတိုးတက်လာပါတယ်။ ဒီနည်းကိုသုံးတဲ့အတွက် ကျောင်းသားများက ဖတ်တဲ့စာကို နားလည်အောင် ဖတ်ရာမှာ ပိုစိတ်ဝင်စားမှုရှိလာတာကိုတွေ့ရပါတယ်။

နိဂုံး

ဒီနည်းလမ်းက ပူးပေါင်းသင်ယူးမှုကိုအားပေးပါတယ်။ ပူးပေါင်းသင်ယူရင် ပူးပေါင်းသူတွေအချင်းချင်း သူတို့ရဲ့ သင်ယူမှု ဖြစ်စဥ်နှင့် လုပ်ဆောင်မှုတွေကို ရှာဖွေရပါတယ်။ လုပ်ဆောင်ချက်မှရတဲ့သတင်း အချက်အလက် များကိုလည်း အချင်းချင်း ပြောပြရပါတယ်။ တစ်တန်းလုံးသို့ပြန်တင်ပြတဲ့အခါမှာ လည်းသူတို့သုံးခဲ့တဲ့ ရင်းမြစ်များမှသတင်းအချက်အလက်များကိုပါထည့်သွင်းတင်ပြနိုင်ကြပါတယ်။ ဒီနည်းလမ်းကသင်ယူမှုကို အား ဖြည့်ပေးတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ပြီးတော့ မိမိတို့အကောင်းဆုံးဖော်ထုတ်ထားချက်ကိုတစ်တန်းလုံးသို့ ပြန်လည်မျှ ဝေတဲ့နည်းလမ်း ကောင်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းက သင်ယူသူမျာကို ကိုယ့်အားကိုယ်ကိုး သင်ယူတတ်သူများဖြစ်လာအောင်၊ မိမိတာဝန်ကို ကျေအောင် လုပ်ဆောင်တတ်သူများဖြစ်အောင်၊ ပူးပေါင်း သင်ယူတတ်သူမျာဖြစ်အောင်လည်းလေ့ကျင့်ပေးပါတယ်။ ဒီနည်းလမ်းကိုကျင့်သုံးခြင်းဖြင့် ကျောင်းသားတိုင်း ဟာ အပြန်အလှန်ဆွေးနွေးတဲ့လုပ်ငန်းမျာပါဝင်ကြရပါတယ်။ ထို့ကြောင့် တစ်ယောက်ခြင်းသင်ယူးခြင်းနှင့် အများအတွက် ပူးပေါင်းလုပ်ဆောင်မှုများကိုမြှင့်တင်ပေးပါတယ်။ စာဖတ်သင်ခြင်းမှ ကျောင်းသားများအနေဖြင့် သင်ယူလေ့လာခြင်းနှင့်ပတ်သက်ပြီး ကျယ်ပြန့်တဲ့ ဆက်စပ်လုပ်ဆောင်မှုများကိုသိနားလည်လာကြပါတယ်။ ဖတ်နေတဲ့အကြောင်းအရာကိုသူတို့ဘဝအတွေ့အကြုံတွေနှင့်ပါဆက်စပ်မြင်ပြီး ကျယ်ပြန့်တဲ့သင်ယူမှုမြင်ကွင်း ကျယ်ကို မြင်လာစေပါတယ်။

မိတ်ဆွေဆရာဆရာမများအနေဖြင့်ဒီနည်း (MURDER) ကိုသုံးပြီး ကျောင်းသားအတွက် ကောင်းတဲ့သင်ယူ မှုဆိုင်ရာအလေ့အကျင့်ကောင်းများလေ့ကျင့် ပျိုးထောင်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...